By Western News/ 2021 February 8
လက်ရှိအာဏာသိမ်း စစ်တပ်အစိုးရမှခန့်အပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ရာထူးကို ရခိုင်အမျိုး သားပါတီ ANP ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်အေးနုစိန်လက်ခံလိုက်ပြီးနောက် ရခိုင်အမျိုးသား ပါတီ ANP မှ နှုတ်ထွက်သူများရှိလာသည်။ယင်းအထဲတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း ရခိုင်အမျိုးသားပါတီမှ အမ်းမြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကိုထွန်းထွန်းနိုင်လည်းအပါဝင်ဖြစ်သည်။နှုတ်ထွက်စာတင်ခြင်းနှင့်ပတ်သက်ပြီး ကိုထွန်းထွန်းနိုင်ကို ဆက်သွယ်ရာတွင် မဖြေဆိုလိုကြောင်းနှင့် အသေးစိတ်ကို သူ၏လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ထားသည်ဟု ပြောဆိုသည်။ကိုထွန်းထွန်းနိုင်၏ လူမှုကွန်ရက်စာမျက်နှာတွင်၂၀၂၀ ရွေးကောက်ပွဲတွင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပေးခဲ့သည့် ANP ပါတီ၊ ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြာင်း၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းများကြောင့် ကျွန်တော်သည် ပါတီဝင်အဖြစ်မှ နုတ်ထွက်စာ တင်ထားပြီးဖြစ်ကြောင်း အမ်းမြို့နယ်မဲဆန္ဒရှင်ပြည်သူများ၊ မိတ်ဆွေများအားလုံးကို အသိပေးအပ်ပါသည် ဟုဖော်ပြထားသည်။ယင်းအပြင် စစ်အာဏာရှင် ကျရှုံးရေး၊ ဒီမိုကရေစီထွန်းကားရေးနှင့် မည်သည့်အခါမျှ စစ်အာဏာရှင်များနှင့် အပေါင်းအပါများကို လက်ခံလိမ့်မည်မဟုတ် ဟုလည်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြပါရှိသည်။လတ်တလော ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပါတီဝင်အဖြစ်မှ နှုတ်ထွက်ကြောင်း လူမှုကွန်ရက်၌ ရေးသားသည့် ပါတီ CC အဖွဲ့ဝင်တစ်ဦးက Western News ကိုယခုလိုပြောသည်။“အဓိကတော့ ကျွန်တော်တို့ခံယူထားတဲ့ ခံယူချက်နဲ့ ရပ်တည်ချက်နဲ့က ဒီလုပ်ရပ်က မကိုက်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ နှုတ်ထွက်ဖို့ ကျသွားတာပေါ့” ဟုပြောသည်။ပါတီဝင်များနှုတ်ထွက်နေမှုနှင့် ပတ်သတ်ပြီး ရခိုင်အမျိုးသားပါတီမှ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်အားမေးမြန်းရာ သူလက်ရှိအချိန်တွင် ရန်ကုန်ရောက်နေ ၍ အသးစိတ်မသိ ကြောင်းပြော သည်။ ယင်းအပြင် ပါတီဥက္ကဌ ဦးသာထွန်းလှအား ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။Western News က စုံစမ်းရရှိသလောက်ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ရာထူးကို ဒေါ်အေးနုစိန်လက်ခံလိုက်ပြီးနောက်ပိုင်း ပါတီမှ နှုတ်ထွက်သူ အနည်းဆုံး ၃ ဦးထိရှိလာနေသည်။
https://www.facebook.com/102405104899336/posts/226791075794071/