ဒေါက်တာအေးမောင်၊ စာရေးဆရာဝေဟင်အောင်အပါအဝင် အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးထားသူများကို လွတ်ပေးဖို့ မိသားစုဝင်များမျော်လင့်နေ

By Western News/ 2021 February 11

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပ‌ဒေပုဒ်မများဖြင့် တရားစွဲဆိုပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ‌ဝေဟင်အောင် အပါအဝင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ဥပ‌ဒေပုဒ်မများဖြင့် မတရားဖမ်းဆီးတရားစွဲဆို၊ ထောင်ဒဏ်ချမှတ်ခံထားရသူများကို တပ်မတော်အစိုးရအနေဖြင့် အမြန်ဆုံးလွှတ်ပေးဖို့ မိသားစုဝင်များက မျော်လင့်နေကြသည်။
‌ဒေါက်တာအေးမောင်သည် နိုင်ငံတော်အား ပုန်ကန်နေသူမဟုတ်ဘဲ ဥပဒေဘောင်အတွင်းက နိုင်ငံရေးလုပ်နေသူသာဖြစ်၍ လက်ရှိ တပ်မ‌တော် အစိုးရအနေဖြင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ မျော်လင့်နေသည်ဟု ဒေါက်တာအေးမောင်၏ ဇနီးဖြစ်သူ ဒေါ် မြမြသက်က Western News ကိုပြောသည်။

“‌ဒေါက်တာအေးမောင်က ဥပဒေဘောက်အတွင်းက နိုင်ငံရေးလုပ်နေသူသာဖြစ်တယ်။ သူတို့စွပ်စွဲထားသလို နိုင်ငံတော် ပုန်ကန်နေတာလည်းမဟုတ်ဘူး။ သူမှာအပြစ်လည်းမရှိဘူး။ ကျွန်မက ကျန်းမာရေးလည်းမကောင်းဘူး။ အဲဒါတွေကို စာနာထောက်ထားတဲ့အနေနဲ့ရော၊ သူ့မှာအပြစ်မရှိတဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုချင်တယ်” ဟုပြောသည်။
‌ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့သည့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့တွင် ပြုလုပ်သည့် (၂၃၃) နှစ်မြောက် ရခိုင့်ဘုရင့်နိုင်ငံတော် အခြုပ်အချာအာဏာကျရှုံးခြင်း အထိမ်းအမှတ်ဟောပြောပွဲတွင် နိုင်ငံတော်အား ပုန်ကန်ရန်၊ အကြည်အညိုပျက်စေရန် ဟောပြောခဲ့သည်ဟု ဆိုကာနိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ)နဲ့ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ အမှုဖွင့်ခံခဲ့ရသည်။
၄င်းတို့နှစ်ဦးကို နိုင်ငံတော်ပုန်ကန်မှုပုဒ်မ-၁၂၂၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅ (ခ) တို့ဖြင့် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခဲ့သည်။
ဒေါက်တာအေးမောင်၊ ဆရာဝေဟင်အောင်အပါအဝင် အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် မတရားဖမ်းဆီးခံထားရသူများအားလုံးကို လွှတ်ပေးစေချင်သည်ဟု စာဆရးဆရာဝေဟင်အောင်၏ အစ်ကိုဖြစ်သူ ဦးသိန်းဝင်းကပြောဆိုသည်။
“အစိုးရအသစ်တစ်ရပ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးတဲ့ အစဉ်အလာတွေရှိတယ်။ အခုတပ်မတော် အစိုးရကလည်း ‌‌ဒေါက်တာအေးမောင်၊ ဆရာဝေဟင်အောင်အပါအဝင်ပေါ့ မတရာဖမ်းဆီးခံထားရသူတွေအားလုံးကို လွှတ်ပေးစေချင်တယ်”
NLD အစိုးရက ရက္ခိုင့်တပ်တော် AA အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့၍ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ဥပဒေဖြင့် မတရားစွပ်စွဲခံရကာ ပြည်သူအများမှာ ဖမ်းဆီးထိန်းသိမ်းခံနေရသည့်အတွက် လက်ရှိတပ်မတော် အစိုးရအနေဖြင့် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းကို ရုပ်သိမ်းပေးဖို့လိုအပ်ကြောင်းကိုလည်း ဦးသိန်းဝင်းက တိုက်တွန်းပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ဖြင့်တရားရင်ဆိုင်နေရသူ ၂၆၉ ဦးထိရှိကြောင်း သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့၏ စာရင်းအရ သိရသည်။

https://www.facebook.com/102405104899336/posts/228639225609256/

Leave a Reply

Your email address will not be published.