ဒေါက်တာအေးမောင်နှင့် အင်တာဗျူး

By Western News/ 2021 February 24

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက ရသေ့တောင်မြို့မှာ ပြုလုပ်တဲ့ ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ နှစ်မြောက်ဝမ်းနည်းအောက်မေ့ဖွယ်နေ့အခမ်းအနား၊ စာပေဟောပြောပွဲမှာ ဒေါက်တောအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ဟာ နိုင်ငံတော်ပုန်ကန်ဖို့ ၊ နိုင်ငံတော်ကို အကြည်အညိုပျက်စေဖို့ ဟောပြောခဲ့တယ်ဆိုပြီးတော့ အစိုးရက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်အညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ) တိုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်နှစ် (၂၀) ချမှတ်ခဲ့ပါတယ်။

တကယ်ပဲ ဒေါက်တာအေးမောင်က နိုင်ငံတော်ပုန်ကန်ဖို့ဟောပြောခဲ့သလား။ နှစ်ရှည်ထောင်ဒဏ်ချ မှတ်ခံရမှုအပေါ် ဒေါက်တာအေးမောင် ဘာပြောသလဲ။

စစ်တွေထောင်မှာမထားဘဲ အင်းစိန်ထောင်ကို ဘာကြောင့်ပို့လိုက်ရတာလဲ။ ထောင်ထဲမှာဘယ်လိုနေခဲ့ရသလဲ။လက်ရှိနိင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာတဲ့ ဒေါက်တာအေးမောင်ကို Western news သတင်းဌာနမှ သတင်းထောက် ထွန်းလှ ကတွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ဆရာ့ရဲ့ ဟောပြောချက်တွေမှာ နိုင်ငံတော်ပုန်ကန်ဖို့၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေဖို့ ဟောပြောချက်တွေပါတယ်ဆိုပြီးတော့ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တွေနဲ့ တရားစွဲဆိုလိုက်တယ်။ တကယ်ပဲ ဆရာ့ဟောပြောချက်တွေမှာ နိုင်ငံတော်ပုန်ကန်ဖို့၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေဖို့ ဟောပြောချက်တွေပါခဲ့သလား။

ဖြေ။ ကျွန်တော်တို့ ဟောပြောခဲ့တဲ့ပွဲက ရခိုင့်အချုပ်အခြာအာဏာကျရှုံးတဲ့နေ့နဲ့ ပတ်သက်တဲ့ စာပေဟောပြောပွဲဖြစ်တယ်။ ရခိုင့်အချုပ်အခြာအာဏာကျရှုံးတဲ့နေ့နဲ့ ပတ်သက်လို့ ဟောပြောခဲ့တဲ့စာပေဟောပြောပွဲတွေရဲ့ အခြေအနေကိုကြည့်ရင် ၅ ကြိမ်လောက်ရှိပြီ။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ နှစ်တိုင်းနီးပါးခွင့်ပြုခဲ့တယ်။ ရခိုင့်အချုပ်အခြာအာဏာကျရှုံးတဲ့နေ့ဆိုတော့ ရခိုင့်အချုပ်အခြာအာဏာ နဲ့ပတ်သက်တဲ့စကားတွေ ဟောရတာရှိတယ်။ ရခိုင့်တော်လှန်ရေးရဲဘော်တွေအကြောင်းကိုပြောရတာရှိတယ်။ အထူးသဖြင့်တော့ မင်းသားကြီးရွှေဗန်းရဲ့ မှာတမ်းလေးတွေပါတာပေါ့။ အဲဒီမင်းသားကြီးရွှေဗန်းရဲ့ မှာတမ်းထဲမှာ “ပြည်ဓညာကို ရအောင်ယူ” မယ်ဆို့တဲ့ စကားရပ်လေးပါတာပေါ့။ အဲဒီပြည်ဓညာကို ရအောင်ယူမယ်ဆိုတဲ့ ဟာနဲ့ အစိုးရရှေ့နေတွေဖက်ကစွဲတာပေါ့။

အဲတော့ ပြန်ကြည့်ရင် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ရဲ့အနှစ်သာရဟာ လက်နက်စွဲကိုင်ပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ရဖို့ ပြည်တွင်းပြည်ပမှာကြိုးစားတယ်။ စည်းရုံးတယ်။ ကိုယ်တိုင်ပါဝင်တယ် စသဖြင့်ဖွင့်ဆိုတယ်လို့ ကျွန်တော်ကြားရပါတယ်။ ဒီပုဒ်မ ၁၂၂ ရဲ့ပြစ်ဒဏ်က သေဒဏ်ပဲ။ လျော့လို့မရဘူး။ ဆိုတော့ ကျွန်တော်တို့ ဟောပြောခဲ့တာက ပုဒ်မ ၁၂၂ တစ်ကယ်မြောက်ခဲ့သလား။ အစဉ်အလာအရ ဟောပြောပွဲမှာ လာတဲ့ပရိသတ်ကို ရခိုင့်သမိုင်း၊ ရခိုင်တွေရဲ့လက်ရှိအနေအထား၊ အရင်ခေတ် စတာတွေကို သမိုင်းအရ စာပေဟောပြောပွဲအသွင်နဲ့ ငိုခြင်း၊ ရယ်ခြင်းတွေပါတာပေါ့ဗျာ။ ပြောကြဆိုကြတာပေါ့။ ကျွန်တော်တို့က တကယ်ပဲ နိုင်ငံတော်ကို ပုန်ကန်ဖို့ ရွယ်ရည်ချက်နဲ့ ဟောပြောခဲ့ကြသလား။ စွဲဆိုတဲ့ပုဂ္ဂိုလ် တွေဖက်က သုံးသပ်ဖို့လိုတာပေါ့။

ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကိုရဖို့ နည်းနှစ်နည်းရှိတယ်ဆိုတာကို ကျွန်တော်ရှင်းခဲ့တာရှိတယ်။ တစ်နည်းက နိုင်ငံရေးနည်း၊ တစ်နည်းက လက်နက်ကိုင်တဲ့နည်းပေါ့။ ကျွန်တော်တို့က လက်နက်မကိုင်ဘူး။ ပန်းတိုင်ကတော့ တူတယ်။ ပန်းတိုင်ဆိုတာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရှိတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ အစစ်ကိုညွှန်းတာပေါ့။ အဲဒါကို တစ်လွဲတမြင် အဓိပ္ပာယ်ဖွင့်ဆိုပြီးတော့ ပုဒ်မ ၁၂၂ နဲ့စွဲတယ်။ အဲဒီပုဒ်မ ၁၂၂ နဲ့ငြိရအောင်လည်း သူတို့က ခြေရာလေးတွေခံတယ်ဗျ။

အရင်ဆုံး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁၊ ၁၇/၂ တွေနဲ့စွဲတယ်။ ၁၇/၁ ကသင်တန်းတက်တဲ့အဖွဲ့ဝင်ဖြစ်တယ်။ ၁၇/၂ ကပံ့ပိုးကူညီတယ်။ ကျွန်တော်က နှစ်ခုလုံးနဲ့လွတ်ခဲ့တယ်။ ဒီ ၁၇/၁၊ ၂ နဲ့တောင်လွတ်ရင် လက်နက်စွဲကိုင်တဲ့ ပုဒ်မ ၁၂၂ နဲ့ဘယ်လိုမှ အဆက်အစပ်မရှိတော့ဘူးလေ။

အဲဒီတော့ တရား၏ မတရား၏ကို တရားသူကြီးတစ်ဦးတည်းရဲ့အမြင်နဲ့၊ စွဲချက်တင်သူတစ်ဦးတည်းရဲ့အမြင်နဲ့ ဆုံးဖြတ်သင့်မသင့်၊ တစ်တိုင်းပြည်လုံး၊ တိုင်းရင်းသားအားလုံး၊ ရခိုင်လူထုတစ်ရပ်လုံးရဲ့ အမြင်ကဘယ်လိုရှိသလဲ။ တရားရေးမဏ္ဍိုင်ရဲ့ တည့်မှတ်မှုဆိုတာကဘာလဲ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလည်း စုံညီကြားနာခွင့်ကို ကြောက်လို့လား၊ ဘာကြောင့်လဲတော့မသိဘူး ပယ်ချတယ်။ အပေါ်ရုံးအထိက အာဏာအကြီးဆုံးပုဂ္ဂိုလ်တစ်ဦးဦးက ပုဒ်မ ၁၂၂ အရ ထောင်တွင်း အကျဉ်းချနိုင်လောက်အောင် ကျွန်တော့်ကို တမင်တကာ ထောင်ချလိုက်တဲ့သဘောဖြစ်သွားတာပေါ့။ ဒီလိုပဲကျွန်တော် သုံးသပ်မိပါတယ်။

မေး။ နိုင်ငံတော်ပုန်ကန်မှု၊ အကြည်အညိုပျက်စေမှု ပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတဲ့အပေါ်မှာ ဆရာ ဘာပြောချင်ပါသလဲ။

ဖြေ။ အခုနက ကျွန်တော်ပြောသလိုပေါ့။ ဘာလို့လဲဆိုတော့ တကယ်စွဲသင့်တဲ့ပုဒ်မတွေဟုတ်ရဲ့လား။ ကျွန်တော်ကြားဖူးတာက ဦးနေဝင်းရဲ့အာဏာကို ပုန်ကန်တဲ့ ဗိုလ်ကြီး ဦးကျော်မြင့်တို့ကို ပုဒ်မ ၁၂၂ နဲ့စွဲခဲ့တယ်။ နောက်ပြီး အလံနီကွန်မြူနစ်ပါတီက သခင်စိုးကြီးတို့ကို စွဲခဲ့တယ်။ ကြိုးပေးကွပ်မျက်လိုက်တယ်။ နောက်ပိုင်းမှာတော့ အဲဒီပုဒ်မ ၁၂၂ နဲ့ ကျွန်တော်တို့လို အရပ်သားတွေကို၊ တစ်နည်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေကို၊ နိုင်ငံရေးသမားတွေကို စွဲဆိုတာမရှိဘူးလို့ ရှေ့နေတွေကပြောကြတယ်။ အဲဒီတော့ စဉ်းစားကြည့်ပေါ့၊ စွဲသင့်မစွဲသင့်။ ဒါကို စွဲမယ်လို့ စဉ်းစားကတည်းက အာဏာအရှိဆုံးပုဂ္ဂိုလ်တွေက တစ်နည်းအားဖြင့် အစိုးရ‌ရှေ့နေချုပ်တို့၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ကို သုံးသပ်သင့်တာပေါ့။ ဆင်ခြင် သင့်တာပေါ့။

မေး။ ဆရာ့ကို စစ်တွေထောင်မှာ မထားပဲ အင်းစိန်ထောင်ကိုပို့လိုက်တယ်။ ဘာကြောင့်လို့ထင်ပါသလဲ။

ဖြေ။ ကျွန်တော် နားလည်သလောက် တရားရုံးစီရင်ဆုံးဖြတ်ချက်မတိုင်ခင်ကတည်းက ရုံးထုတ်တဲ့အခြေ အနေတွေကပြောင်းနေပြီ။ ကျွန်တော်တို့ စီရင်ချက်ချမယ့်နေ့ဆိုရင် ရဲမင်းကြီးကိုယ်တိုင် သံဆူးကြိုးတွေ လာချတာတို့၊ အဟန့်အတားတွေချတာတို့လုပ်တယ်။ ရုံးထုတ်ရင်လည်းအချုပ်ကားကြီးတွေနဲ့ထုတ်လာတယ်။ စီရင်ချက်ချပြီးတဲ့အခါမှာလည်း စစ်တွေထောင်ပတ်ပတ်လည်မှာ ကင်းပုန်းတွေတော်တော် များများချတယ် လို့သိရတယ်။ အဲဒီတော့ ဘာကြောင့် အင်းစိန်ထောင်ကို ပို့လိုက်ရသလဲဆိုတာတော့ သူတို့တွေပဲသိမှာပါ။

မေး။ ထောင်ထဲမှာ ဘယ်လိုနေခဲ့ရသလဲ။

ဖြေ။ စစ်တွေထောင်မှာ ၁ နှစ်နဲ့ ၃ လနေခဲ့ရတာပေါ့။ ဒီကာလတွေမှာ ထူခြားတာတွေရှိတယ်ဗျ။ အမှုစစ်တယ်၊ ဆေးတယ်။ ဒီလိုနဲ့ စွဲချက်တင်သင့်မတင်သင့်ဆိုတာကိုရောက်လာတယ်။ ဒီလိုစွဲချက်တင်သင့်မတင်သင့် ကာလလေးမှာ ခရိုင်တရားသူကြီးကို ပြောင်းဖို့ကြိုးစားလာကြတယ်။ ကျွန်တော်တို့ကို စီရင်ချက်မချခင် ရက်ပိုင်းအလိုလောက်မှာ မောင်တောခရိုင်က ဗမာအမျိုးသား တရားသူကြီး ဦးခင်မောင်မြင့် စစ်တွေကို ပြောင်းလာတယ်။ ပြီးတော့ ကျွန်တော်တို့ကို စွဲချက်တင်သင့်တယ်ဆိုပြီး ကြားနာတယ်။ နောက် ၁၄ ရက်အကြာမှာ ထောင်ဒဏ် နှစ် ၂၀ တစ်ပေါင်းတည်းကျခံဖို့အမိန့်ချတယ်။ အဲဒီလိုအမိန့်ချပြီးတာနဲ့ တရားသူကြီးဦးခင်မောင်မြင့်ဟာ ဧရာဝတီတိုင်းကိုပြောင်းသွားတယ်။ ဆိုတော့ ကျွန်တော်တို့ကို အမိန့်ချဖို့ သီးသန့် လာတဲ့သဘောဖြစ်နေတယ်။ စီရင်ချက်ချတဲ့အခါမှာလည်း ဦးဝေဟင်အောင်နဲ့ ကျွန်တော့်ကို တစ်ပေါင်းတည်းချတယ်။ အမှန်က အမှုကတစ်ခုစီ တစ်ခုစီ။ ဒါပေမယ့်အမိန့်ချမှတ်တဲ့အခါ ဦးဝေဟင်အောင်နဲ့ ကျွန်တော့်ကိုလည်း တစ်ပေါင်းတည်း စကားလုံးတွေ ရောထွေးရှုပ်ချက်ခတ်ပြီးတော့မှ အမိန့်ကိုချတယ်။ ကိုဝေဟင်အောင်ကိုပြောသလား၊ ကျွန်တော့်ကို ပြောသလားဆိုတာကို မပြောတက်အောင် ရေးထားတဲ့ စီရင်ချက်ကို ဖတ်ကြားပြီးတော့ အမိန့်ချမှတ်တယ်။

ဒီလိုနဲ့ စစ်တွေထောင်မှာ တစ်ပတ်နှစ်ပတ်လောက်နေပြီးတော့ ညအချိန်မတော် အင်းစိန်ထောင်ကိုပို့တယ်ပေါ့။ ရန်ကုန်လေယာဉ်ကွင်းမှာတောင်မှာ ကျွန်တော်တို့ကို ပုံမှန်လူတွေသွားနေတဲ့ လမ်းကမထုတ်ဘဲနဲ့ မင်္ဂလာဒုံ-ပြည်လမ်းဖက်ကနေထုတ်သွားတယ်။ တိုက်နံပါတ် ၁၊ အခန်းနံပါတ် ၁ မှာ ကျွန်တော်တို့ နေရတယ်။ နောက်တစ်ပတ်နှစ်ပတ်လောက်ကြာတော့ ကိုဝေဟင်အောင်ကို တခြားအခန်းကိုပြောင်းလိုက်တယ်။ အင်းစိန်ထောင်မှာက စစ်တွေထောင်လောက် မကျဉ်းကျပ်ဘူး။ အခန်းထဲမှာ ကွပ်မျှစ်လေးတွေရှိတယ်။ သစ်ပင်လေးတွေရှိတယ်။ လမ်းလျောက်လို့ရတဲ့နေရာတွေရှိတယ်။ သူဟာနဲ့သူတော့ အဆင်ပြေပါတယ်။

https://www.facebook.com/102405104899336/posts/237464841393361/

Leave a Reply

Your email address will not be published.