ထောင်ထဲတွင် ၅ လခန့်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသားများကို အမြန်ဆုံး ရုံးထုတ်စစ်ဆေးပေးရန် ရခိုင်ပြည်ကျောင်းသားသမဂ္ဂတောင်းဆို

By Western News/ 2021 February 19

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည့်အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ထားရသည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသားများကို အမြန်ဆုံး ရုံးထုတ်စစ်ဆေးပေးရန် ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ကတောင်းဆိုလိုက်သည်။

ရခိုင်ပြည်ကျောင်းသား သမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသားသမဂ္ဂမှ တွဲဘက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနှင့် ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားသမဂ္ဂမှ ကိုကောင်းထွန်းတို့သည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ (၁၉) ရက်နေ့က ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ စစ်တပ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသားများသည် မတရားမှုတစ်ခုခု ကျူးလွန်ခဲ့ခြင်းမဟုတ်ဘဲ အမှန်တရားကိုသာ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည့်အတွက် အမြန်ဆုံး ရုံးထုတ်ဖြေရှင်းပေးရန် လိုအပ်ကြောင်း ရခိုင်ပြည်ကျောင်းသား သမဂ္ဂဥက္ကဌ ကိုတိုးတိုးအောင် ကပြောဆိုသည်။

“ကျွန်တော်တို့က အမှန်တရားကိုဖော်ထုတ်ခဲ့တာသာဖြစ်တယ်။ တရားခွင်ကိုတက်ရမယ်ဆိုရင်လည်း ကျွန်တော်တို့က ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်သွားမှာဖြစ်တယ်။ အခု ရုံးချိန်းတွေမှာလည်း တစ်ကြိမ်မှရုံးထုတ်ခြင်းမရှိဘဲနဲ့ ဒီအတိုင်း ထောင်ထဲမှာ အကြာကြီး ပိတ်လှောင်ထားတာက ခံရသူတွေအတွက် အများကြီးနစ်နာမှုတွေရှိနေတယ်။ ဖမ်းဆီးသွားတာ အခုဆိုရင် ၅ လလောက်ရှိပြီ။ တစ်ဦးတစ်ယောက်နဲ့မှ တွေ့ဆုံခွင့်လည်းမရဘူး။ ဆက်သွယ်လို့လည်းမရဘူး။ ဒါတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက အမြန်ဆုံး ဖြေရှင်းပေးဖို့လိုနေပြီ” ဟုပြောဆိုသည်။

ပြည်မဖက်မှ ဖမ်းဆီးခံကျောင်းသားများကို ကိုဗစ်စည်းကမ်းများနှင့်အညီ ရုံးထုတ်စစ်ဆေးမှုများပြုလုပ်ပြီး ရခိုင်ကျောင်းသားများကို ကိုဗစ်အကြောင်းပြကာ ရုံးထုတ်စစ်ဆေးခြင်းများမလုပ်ဘဲ အကျဉ်းထောင်တွင် အချိန်ကြာမြင့်စွာ ပိတ်လှောင်ထားခြင်းကို ဖိနှိပ်မှုတစ်ခု အဖြစ် ရှု့မြင်ကြောင်းနှင့် ကျောင်းသားများကို ရုံးထုတ်စစ်ဆေးခြင်းများမလုပ်ဘဲ ယခုအတိုင်းသာ ဆက်လက်ထားရှိ မည်ဆိုပါက နောက်ဖြစ်လာမည့် ပြဿနာများသည် သက်ဆိုင်ရာတာဝန်ရှိသူများ၏ တာဝန်သာဖြစ်မည်ဖြစ်ကြောင်း ကိုတိုးတိုးအောင်က ပြောဆိုသည်။

၄င်းတို့ကို စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဇော်နိုင်က တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး၊ ဖမ်းဆီးခံရသည့်နေ့မှစ၍ ယနေ့အချိန်ထိ ရုံးချိန်းများသာရှိပြီး ရုံးထုတ်စစ်ဆေးခြင်းမရှိသည်မှာ ၅ လခန့်ကြာမြင့်နေပြီးဖြစ်သည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဥက္ကဌ ကိုတိုးတိုးအောင်အပါအဝင် ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့သည့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ (၉) ရက်နေ့က “4G အင်တာနက်ပြန်ဖွင့်ပေးရေး၊ No Bloody Government၊ No Murder Army၊ ပြည်နယ်အစိုးရ အယုံအကြည်မရှိ” စသည့်ကြွေးကြော်သံများဖြင့် ရခိုင်ပြည်နယ်အစိုးရရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည့်အတွက် ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉) ဖြင့်ပါတရားရင်ဆိုင်နေရသည်။

ဖမ်းဆီးခံထားရသည့် ကျောင်းသားများကို ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရုံးချိန်းထားသော်လည်း ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ လာမည့် မတ်လ (၅) ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်။

https://www.facebook.com/westernnewsagency/posts/234329165040262

Leave a Reply

Your email address will not be published.