တောင်ကုတ် ALD ထိပ်ပိုင်းခေါင်းဆောင် ၁ ဦးနှင့် မြို့ခံ ၁ ဦး ဖမ်းဆီးခံရ

By Irrawaddy/ 2021 February 28

ယနေ့ တောင်ကုတ်မြို့တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဆန္ဒထုတ်ဖော်နေမှု /
OkkaKyawZeya

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုကြောင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ALD) မှ ထိပ်ပိုင်း ခေါင်းဆောင်တဦးနှင့် မြို့ခံတဦးတို့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးခေါ်ဆောင်ခံထားသူတို့မှာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟို တွဲဖက်အတွင်းရေးမှူးလည်းဖြစ် ပြီးခဲ့သည့် ရွေး ကောက်ပွဲတွင် တောင်ကုတ်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဦးကျော်ကျော် လင်းနှင့် မြို့ခံ ကိုသားကြီး ဖြစ်ကြောင်း သိရသည်။

ALD အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က “မနက်ပိုင်း ၉ နာရီလောက်က ဆန္ဒပြဖို့ လူစုပြီး စထွက်တဲ့ကြချိန်မှာပဲ ဖမ်း ခေါ်သွားတာ။ ဦးကျော်ကျော်လင်း အပါအဝင် ဒေသခံတဦးလည်း ပါသွားတယ်။ အခုကတော့ တောင်ကုတ် ရဲစခန်း မှာ ရှိတယ်လို့ သိရတယ်” ဟု ဧရာဝတီကို ပြောသည်။

ယနေ့ ဆန္ဒထုတ်ဖော်ရန် စတင်ကြသည့် လူအင်အား ၅၀ ခန့်မှာ “စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး” စသည့် ဗီနိုင်းများကို ကိုင်ဆောင်ကာ မြို့ပတ် စတင် ထွက်ခွာချိန် မြို့မဘောလုံးကွင်းနား အရောက် ရဲတပ်ဖွဲ့နှင့် တပ်မတော်သားတို့က ရောက် လာပြီး ဆန္ဒထုတ်ဖော်ရာတွင် ခေါင်းဆောင်သည် ဟုဆိုကာ ၎င်းတို့၂ ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ ခံ တို့က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းမှ စခန်းမှူး ရဲမှူး သန်းနိုင်ကတော့ “ကျနော်ကတော့ အဲဒီကိစ္စကို မသိ သေးဘူးဗျာ။ ရန်ကုန်ကို ရောက်နေလို့။ ဆန္ဒပြတာတွေ ဘယ်သူတွေကို ထိန်းသိမ်းထားလည်း ဆိုတာကိုလည်း မသိဘူး” ဟု ဆိုသည်။

ယနေ့ တောင်ကုတ်မြို့တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဆန္ဒထုတ်ဖော်နေမှု
(ဓာတ်ပုံ- OkkaKyawZeya)

တပ်မတော်က အာဏာ သိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ပြီး တနိုင်ငံလုံးတွင် ဆန္ဒထုတ်ဖော်မှုများ နေ့စဉ် ပြင်းထန်လာနေပြီး ပြည်သူများအနေဖြင့် ဆန္ဒထုတ်ဖော်ရာတွင် အကြမ်းမဖက်သည့် နည်းလမ်းများဖြင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ကြသည့်အပေါ် ဖမ်းဆီးခြင်းများမှာ လုံးဝ မဖြစ်သင့်ကြောင့်လည်း ALD က ဝေဖန်သည်။

အလားတူ ယနေ့ ရခိုင်ပြည်နယ် ဂွမြို့နယ်တွင်လည်း စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင် ဆန္ဒပွဲများ ပြုလုပ်ခဲ့ကြသည်။

လက်ရှိ တပ်မတော်က အာဏာသိမ်းပြီး ၁ လအတွင်း တောင်ကုတ်မြို့နယ်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးမင်းအောင်၊ NLD ပါတီ မြို့နယ် ဒု ဥက္ကဋ္ဌ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်တို့အပြင် ဒေသခံများအပါဝင် ဖမ်း ဆီးခံထားရသူ ၁၀ ဦး ရှိလာပြီး ဖြစ်ကြောင်းလည်း တောင်ကုတ်မြို့ခံများ ပြောပြချက်အရ သိရသည်။

ထိုသို့ ဆန္ဒပြသူများ ဖမ်းဆီးခံရမှု ရှိနေသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အမ်း၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မြို့နယ်များအတွင်း ပြုလုပ်လျက်ရှိကာ ဖမ်းဆီးခံရသူဦးရေ၂၀ ခန့်ရှိပြီး ယင်းအထဲမှ ပြန်လွတ်လာ သူများရှိသလို ဖမ်းဆီးခံထားရသည့် တချို့မှာလည်း မိသားစုနှင့် အဆက်အသွယ် မရရှိမှုများ ရှိနေသည်။

https://www.facebook.com/121507374560090/posts/4256412034402916/

Leave a Reply

Your email address will not be published.