တောင်ကုတ်နှင့် မာန်အောင်မြို့နယ်တို့မှ ဆန္ဒပြသူအချို့ကို ရဲကခေါ်ဆောင်

By Development Media Group / February 10

စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် မာန်အောင်မြို့တို့၌ ယနေ့ (ဖေဖေါ်ဝါရီလ ၉ ရက်)တွင် ဆန္ဒဖော်ထုတ်ခဲ့သူအချို့မှာ ရဲတပ်ဖွဲ့၏ ခေါ်ဆောင်ခြင်းကိုခံခဲ့ရကြောင်း သိရသည်။မာန်အောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးနွဲ့နှင့် ဒေါ်ခင်ထိပ်ထားလှိုင်တို့နှစ်ဦးကို ယနေ့ညနေပိုင်းတွင် ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များကပြောဆိုသည်။ဒေါ်ခင်ထိပ်ထားလှိုင်၏ ဖခင် ဦးသန်းဝေက “ဘယ်အကြောင်းအရာကြောင့်ဖမ်းတယ်ဆိုတာတော့ မသိလိုက် ရဘူး။ ၇ နာရီခွဲလောက်မှာ နေအိမ်ကခေါ်သွားတယ်” ဟု ပြောသည်။မိမိဆန္ဒကို ထုတ်ဖော်ပြောဆိုခြင်းအား ယခုကဲ့သို့ဖမ်းဆီးခေါ်ဆောင်ခံရခြင်းသည် တရားမျှတမှုမရှိ ကြောင်းလည်း ဦးသန်းဝေက ဆိုသည်။၎င်းတို့နှစ်ဦးဖမ်းဆီးခံရသည်ဆိုသော သတင်းကြောင့် မာန်အောင်ဒေသခံလူငယ်အချို့ ရဲစခန်းရှေ့သို့ သွားရောက်ကာ ဝန်းရံခဲ့ကြကြောင်း သိရသည်။သွားရောက်ဝန်းရံသူ ကိုမျိုးလင်းဇော်က “ကျနော်တို့ရဲစခန်းကိုသွားတော့ ဒေါ်ခင်ထိပ်ထားလှိုင်နဲ့တော့ မတွေ့ခဲ့ ရဘူး။ ဦးဖိုးနွဲ့ထွက်လာပြီးတော့ ပြဿနာမရှိဘူး။ လာရောက်ဝန်းရံသူတွေ ပြန်သွားနိုင်ပြီလို့ပြောလို့ ပြန်လာ ကြတယ်” ဟု ဆိုသည်။ဦးဖိုးနွဲ့နှင့် ဒေါ်ခင်ထိပ်ထားလှိုင်တို့နှစ်ဦးမှာ ယနေ့ည ၁၀ နာရီကျော်အချိန်တွင် ရဲစခန်းမှ ပြန်ထွက်လာခဲ့ ကြကြောင်း သိရသည်။ဒေါ်ခင်ထိပ်ထားလှိုင်မှာ ဖေဖေါ်ဝါရီလ ၆ ရက်နေ့က မာန်အောင်မြို့တွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့်လည်း ရဲစခန်းမှခေါ်ယူပြီး ခံဝန်လက်မှတ်ရေးထိုးခိုင်းခြင်း ခံခဲ့ရသေးသည်။ သို့သော် ဒေါ်ခင်ထိပ်ထားလှိုင်နှင့် ကျန်လူငယ်နှစ်ဦးတို့မှာ ခံဝန်လက်မှတ်မထိုးခဲ့ကြကြောင်းပြောသည်။အလားတူ တောင်ကုတ်မြို့တွင်လည်း စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ယနေ့ဆန္ဒဖော်ထုတ်ခဲ့သူများထဲမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် တောင်ကုတ်ဒေသခံ ကိုသန့်ဇင်ဖြိုးတို့ကို ရဲတပ်ဖွဲ့မှ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။တပ်မတော်မှ အာဏာသိမ်းမှုအားအလိုမရှိကြောင်း ရခိုင်ပြည်နယ် တောင်ကုတ်၊ မာန်အောင်၊ သံတွဲ၊ အမ်းနှင့် ဂွမြို့တို့၌ ဆန္ဒဖော်ထုတ်မှုများ အသီးသီးဖြစ်ပေါ်လာခဲ့သည်။

https://www.facebook.com/466648543487562/posts/1940481296104272/

Leave a Reply

Your email address will not be published.