By Western News/ 2021 February 15

ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်မှ စတင်ကာ ဘုရား၊ ပုထိုး၊ စေတီတို့တည်ရှိရာ တောင်ကုန်းများပေါ်၌တပ်မတော်ကနေရာယူထားသည်မှာ ယခုဆိုလျင်တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်ဟု ဒေသခံများကပြောဆိုသည်။
တပ်မတော်အနေဖြင့် ဘုရား၊ ပုထိုး၊ စေတီတို့တည်ရှိရာ တောင်ကုန်းများပေါ်၌ နေရာယူထားရခြင်းမှာ တိုက်ပွဲကာလဖြစ်သည့်အတွက်အရေးကြီးသောနေရာများကိုလွှမ်းမိုးထားရခြင်းဖြစ်ကြောင်းနှင့် ဘုရား၊ပုထိုး၊ စေတီတို့ကို မသာမာသူတို့ဝင်ရောက်ကာဖျက်စီးမှုအန္တရာယ်မှကာကွယ်နိုင်ရန်အတွက်နေရာယူထားရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်က ပြောသည်။
” စစ်တပ်ဆိုတာကနေရာ အခြေအနေပေါ်မှာမှုတည်ပြီးတော့ နေရာယူရတာပေါ့။ ဘုရား၊ ပုထိုးတွေပေါ်မှာနေချင်လို့နေတာမဟုတ်ပါဘူး။ အရေးကြီးတဲ့နေရာတွေဆိုလွှမ်းမိုးထားရတာပေါ့။ တစ်ချို့တွေဝင်ရောက်ဖျက်စီးသွားရင်ဘယ်လိုလုပ်မလဲ။အဲဒါကြောင့်မို့လို့နေရာယူထားရတာ”ဟု ပြောသည်။
တပ်မတော်ကတစ်နှစ်ကျော်ကြာနေရာယူထားသည့်နေရာများမှာ ကျောက်တော်မြို့ရှိ ကျောက်တော်တောင်စေတီ၊ မြောက်ဦးမြို့နယ်ရှိ သင်းကျစ်တော်ဘုရား၊ မင်းပြားမြို့ကျိန်းတောင်ဘုရားနှင့် ဘူးသီးတောင်မြို့နယ်ရှိ သုံးဆယ်တစ်ဘုံတို့တွင် ဝင်ရောက်နေရာယူထားခြင်းဖြစ်သည်ဟု ဒေသခံများနှင့်လွှတ်တော်ကိုယ်စားလှယ်များကပြောဆိုကြသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း တပ်မတော်ကဝင်ရောက်နေရာယူထားသောမင်းပြားမြို့နယ်ရှိ ကျိန်းတောင်ဘုရားပေါ်မှ ဖယ်ရှားမှုမရှိသေးကြောင်းနှင့် ယခုလိုတပ်မတော်က မဖယ်ရှားပေးသည့်အတွက် ဘုရားဖူးခရီးသည်များမှာ ဘုရားဖူးခွင့်ဆုံးရှုံးနေကြရသည်ဟု မင်းပြားမြို့ခံကိုနေလင်းစိုးကပြောသည်။
” တပ်မတော်က နေရာယူထားတာမဖယ်ရှားပေးသေးဘူး။ သူတို့ရှိလို့ဘုရားဖူးတွေက တောင်ပေါ်သို့မသွားရဲကြဘူး။ မနက်မိုးလင်းရင်တော့ကျန်းမာရေးအတွက် တောင်ပေါ်သို့တက်ပြီးလမ်းလျောက်ကြတယ်။ဒါပေမယ့် တောင်တစ်ဝတ်ကပဲပြန်ဆင်းလာကြတယ်။ တောင်ထိပ်ကိုမတက်ရဲကြဘူး။ သူတို့ရှိနေလို့ ဘုရားဖူးခွင့်လည်းဆုံးရှုံးနေတာပေါ့”ဟု ပြောသည်။
အလားတူ ကျောက်တော်မြို့နယ်ရှိ ကျောက်တော်တောင်ဘုရားစေတီ၊ မြောက်ဦးမြို့နယ်ရှိ သင်းကျစ်တော်ဘုရားစေတီနှင့် ဘူးသီးတောင်မြို့နယ်ရှိ ဘုရားလေးဆူ တို့၌လည်း တပ်မတော်ကမဖယ်သေးပဲ ဆက်လက်နေရာယူထားဆဲဖြစ်သည်ဟု ဒေသခံများ၏ပြောပြချက်အရသိရသည်။
” သင်းကျစ်တော်ဘုရားမှဆိုရင်အခုထိရှိသေးတယ်။တပ်မတော်သားတွေ။ ပြီးတော့ မြောက်ဦးမြို့ပေါ်မှာရှိတဲ့တောင်းတန်းတွေပေါ်မှာဆိုရင်းလည်း တပ်မတော်သားတွေကနေရာယူထားတယ်”ဟု အမည်မဖော်လိုသည့်မြောက်ဦးမြို့ခံသားတစ်ဦးကပြောသည်။
ယခုကဲ့သို့ တပ်မတော်က ဘုရားစေတီပုထိုးများနှင့် ရဲစခန်းများတွင် နေရာယူတပ်စခန်းများရှိနေသည့်အတွက်ပြန်လည်ဖယ်ရှားပေးရန် ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုထားသည်။
https://www.facebook.com/102405104899336/posts/231575468648965/