By Narinjara / February 3 / 2021


ဇော်ဝင်းဌေး (ငခူချောင်း)နိရဥ္စရာ၊ ဖေဖော်ဝါရီ ၃ / ၂၀၂၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အုပ်ချုပ်နေသည့် မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က အာဏာသိမ်းလိုက်ပြီး ဒုတိယမြောက်နေ့အထိ ရခိုင်ပြည်နယ်တွင် ခရီးသွားလာမှုများ၌ အခက်အခဲမရှိသေးဘဲ ပုံမှန်အတိုင်းသာရှိနေကြောင်း ခရီးသည်များနှင့် ဒေသခံများပြောပြချက်အရ သိရသည်။
စစ်တွေမြို့ ဆတ်ရိုးကျ မြို့သစ်ရပ်ကွက်မှ စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော်-မြောက်ဦးသို့ ကားမောင်းနှင်းနေသူ ကိုကျော်စိုးက လမ်းခရီးတွင် ပုံမှန်အတိုင်းဖြစ်ပြီး အခက်အခဲတစ်စုံတရာ မရှိကြောင်း နိရဥ္စရာသို့ ပြောသည်။
“ကားမောင်းနှင်းရတာတော့ ပုံမှန်အတိုင်းပါပဲ။ အခက်အခဲတစ်စုံတရာမရှိပါဘူး။ အစစ်အဆေးလည်း မရှိပါဘူး။ အာဏာမသိမ်းခင်တုန်းက ကျောက်တန်းဂိတ်မှာ နည်းနည်းအစစ်အဆေးရှိတယ်။ အာဏာသိမ်းပြီး နှစ်ရက်အတွင်းမှာ စစ်ဆေးမှုတွေ၊ အခက်အခဲတစ်စုံတစ်ရာ မရှိပါဘူး။” ဟုပြောသည်။တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူကလည်း လမ်းခရီးများ၌ ပုံမှန်အတိုင်းသွားလာနေကြကြောင်း နိရဥ္စရာသို့ပြောသည်။
“ လမ်းခရီးကတော့ ပုံမှန်အတိုင်းသွားနေကြတာပါပဲ။ သွားတာတော့ ပုံမှန်အတိုင်းသွားနေကြတာပါပဲ။ မြို့ထဲမှာလည်း အေးအေးချမ်းချမ်းပါပဲ။” ဟုပြောသည်။တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းလိုက်ပြီးနောက် ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများ (၃)ရက်အကြာ ပြတ်တောက်ခဲ့သော်လည်း ဖေဖော်ဝါရီလ (၄)ရက်မှစတင်ကာ လေကြောင်းလိုင်းများ ပုံမှန်အတိုင်း ပျံသန်းပြေးဆွဲတော့မည်ဟု သိရသည်။
ယခုအခါ ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းလိုင်းများပါ ပုံမှန်အတိုင်း ရှိသည်ဟုလည်း သိရသည်။
https://www.facebook.com/151742128171206/posts/4016734598338587/