တပ်မတော်ကဘုရား၊ ပုထိုး၊ စေတီများနှင့် ရဲစခန်းတို့၌ တပ်စွဲထားခြင်းကို ပြန်လည်ရုပ်သိမ်းရန် မဖြစ်နိုင်သေးဟု ဗိုလ်မှူးကြီး မင်းသန့်ပြော

By Western News/ 2021 March 11

ရခိုင်ပြည်နယ်၌ တပ်မ‌တော်နှင့် ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်မှ စတင်ကာဘုရား၊ ပုထိုး၊ စေတီတို့တည်ရှိရာ တောင်ကုန်းများနှင့် ကျေးရွာရှိရဲစခန်းတို့၌ တပ်မတော်ကတပ်စွဲထားသည်မှာ ၁ နှစ်ကျော်ကြာမြင့်နေပြီ ဖြစ်သည်ဟုဒေသခံများကပြောဆိုကြသည်။သို့သော်လည်း တပ်တော်အနေဖြင့် ဘုရား၊ ပုထိုး၊စေတီတို့တည်ရှိရာတောင်ကုန်းများနှင့် ရဲစခန်းတို့၌နေရာယူထားရခြင်းမှာ လုံခြုံရေး အခြေနေအရသာဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း တပ်မတော်နှင့်ရက္ခိုင့်တပ်တော်တို့ကနားလည်မှု တည်ဆောက်နေဆဲ ကာလဖြစ်သည့်အတွက် ယင်းနေရာတို့၌ တပ်စွဲထားခြင်းကိုပြန်လည်ရုတ်သိမ်းရန်အစီစဉ်မရှိသေးခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန့်ကပြောသည်။”ဘုရားစေတီတွေမှာတပ်စွဲထားတာကလုံခြုံရေးအရပဲဖြစ်တယ်။ အခုနှစ်ဦးနှစ်ဖက်ယုံကြည်မှုတည်ဆောက်ဆဲအချိန်ပဲရှိသေးတယ်။ ဒီဟာကိုပြန်ဆုတ်ဖို့ဆိုတာကမဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ ဘုရားဖူးတွေအနှောက်အယှက်မဖြစ်အောင်တော့ မလုပ်ဘူး။ တပ်မတော်က တောင်ပေါ်တွေမှာရှိနေရင်လည်း ဘာမှကြောက်စရာမရှိဘူး။ လွတ်လပ်လပ်သွားလာလို့ရတယ်”ဟု ပြောသည်။တပ်မတော်က တစ်နှစ်ကျော်ကြာနေရာယူထားသည့်နေရာများမှာ ကျောက်တော်မြို့ရှိ ကျောက်‌တော်တောင်စေတီ၊ မြောက်ဦးမြို့နယ်ရှိ သင်းကျစ်တော်ဘုရား၊ မင်းပြားမြို့ကျိန်းတောင်ဘုရားနှင့် ဘူးသီးတောင်မြို့နယ်ရှိ သုံးဆယ်တစ်ဘုံတို့တွင် ဝင်ရောက်နေရာ ယူထားခြင်းဖြစ်သည်ဟု ဒေသခံများနှင့်လွှတ်တော်ကိုယ်စားလှယ်များကပြောဆိုကြသည်။အလားတူ မြောက်ဦးမြို့နယ်ရှိ မြောင်းဘွေကျေးရွာအတွင်းရဲစခန်းတွင်တပ်မတော်သားမျးာက နေရာယူထားမှုရှိသလို တိမ်ညိုကျေးရွာတွင်လည်း တပ်မတော်က ဆက်လက်နေရာယူထားဆဲဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။ယခုကဲ့သို့ တပ်မတော်က ဘုရားစေတီပုထိုးများနှင့် ရဲစခန်းများတွင် နေရာယူတပ်စခန်းများရှိနေသည့်အတွက်ပြန်လည်ဖယ်ရှားပေးရန် ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုထားသည်။

https://www.facebook.com/102405104899336/posts/247262263746952/

Leave a Reply

Your email address will not be published.