By Development Media Group / February 17
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင်လူငယ် ၃ ဦးကို ယနေ့(ဖေဖေါ်ဝါရီလ ၁၇ ရက်) နံနက် ၉ နာရီခွဲအချိန်က တောင်ကုတ်ရဲစခန်းမှ ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။ဖမ်းဆီးခံရသူ ၃ ဦးမှာ တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာမှ NLD မြို့နယ်လူငယ်တာဝန်ခံ ကိုချစ်မောင်မောင်၊ ဦးခင်သက်နှင့် ကိုဇော်ဝင်အောင်တို့ဖြစ်ကြောင်း တောင်ကုတ်မြို့နယ် NLD ပါတီမှ သိရသည်။အဆိုပါဖမ်းဆီခံရသူများမှာ တပ်မတော်အာဏာသိမ်းခြင်းအား အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြရန် လာရောက်စဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ် NLD ပါတီဝင် ဒေါ်ချစ်ချစ်ချောက ပြောသည်။“ရဲကဖမ်းသွားတယ်။ သူတို့က ဆန္ဒပြဖို့လာတာဘဲရှိသေးတယ်၊ ဖမ်းဆီးခံလိုက်ရတယ်။ အခုတော့ တောင်ကုတ် ရဲစခန်းမှာထိန်းသိမ်းထားတယ်။ အမှုကတော့မဖွင့်သေးဘူး” ဟု ဒေါ်ချစ်ချစ်ချောက ဆိုသည်။ယနေ့နံနက်ပိုင်းက တောင်ကုတ်မြို့နယ်မှ ဒေသခံ ၅၀ ဦးခန့်က တပ်မတော်အာဏာသိမ်းမှုအား ကန့်ကွက် ဆန္ဒဖော်ထုတ်ရန် မြို့ပေါ်သို့လာရောက်စဉ် ယင်းသို့ဖမ်းဆီးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။တောင်ကုတ်မြို့နယ်အတွင်းမှ NLD ပါတီဥက္ကဋ္ဌ ဦးတင်သိန်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဦးမင်းအောင်တို့မှာလည်း ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ မိသားစုနှင့်အဆက်အသွယ် မရရှိ သေးကြောင်း သိရသည်။
https://www.facebook.com/466648543487562/posts/1946357825516619/