စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသည့် သံတွဲမှ ကျောင်းသား ၁ ဦးနှင့် အရပ်သား ၃ ဦးကို ငြိမ်းစုစီဖြင့်တရားစွဲ

By Western News/ 2021 February 19

ရခိုင်ပြည်နယ်သံတွဲမြို့တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စစ်အာဏာသိမ်းမှုဆန့် ကျင်ကြောင်း ထိုင်သပိတ်ဆန္ဒပြ၍ ဖမ်းဆီးထိန်းသိမ်းခံထားရသည့်ကျောင်းသား ၁ ဦးနှင့် အရပ်သား ၃ ဦးတို့ကို သံတွဲမြို့ မရဲစခန်းတွင် ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုခြင်းခံထားရသည်ဟု မိသားစုဝင်များကပြောသည်။
တရားစွဲဆိုခံထားရသည့် မောင်အောင်ခိုင်မြင့်၊ မောင်ရန်ပိုင်ထွေး၊ မမြမြဝင်းနှင့် ဦးခင်မောင် (၄)ဦး တို့ဖြစ်ပြီး၊ ၎င်းတို့ဆန္ဒပြနေစဉ် ရဲတပ်သားများက ဖမ်းဆီးသွားပြီး ရဲစခန်းမှတစ်ဆင့် တပ်မတော် တပ်ရင်း (၅၅)နှင့် (၅၆၆)တို့ကိုအသီးသီးပို့ဆောင်ထားကာ လက်ရှိထိမိသားစုတို့နှင့်အဆက်သွယ်မရရှိဘဲဖြစ်နေသည်ဟု ဖမ်းဆီးခံမောင်ခိုင်အောင်မြင့်၏ အကိုဖြစ်သူက Western News သို့ပြောသည်။
“ဖမ်းသွားတဲ့နေ့ကလည်း အရပ်ဝတ်တွေနဲ့ ဖမ်းသွားတယ်။ ၂၄ နာရီပြည့်ရင် ပြန်လွှတ်ပေးရမှာကို ခုထိ မလွှတ်‌ပေးသေးဘူး။ အဆက်အသွယ်လည်းမရဘူး။ ဘယ်သူကတရားစွဲလည်းရဲစခန်းမေးတော့ တပ်မတော်ကိုလွှဲချ တယ်။တပ်မတော်ကိုမေးပြန် တော့လည်း ရဲစခန်းကိုလွှဲချတယ်။ ကျွန်တော်တို့သိရသလောက်တော့ ငြိမ်းစုစီပုဒ် မနဲ့ တရားစွဲထားတယ်လို့သိရပါတယ်”ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သံတွဲမြို့မှရဲစခန်းကိုဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်အချိန်တွင် ကျောင်းသားများဦးဆောင်၍ အင်အား ၁၀၀၀ ခန့် က သံတွဲမြို့ မာဃလမ်းမ၌ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့်က အဆိုပါ ၄ ဦးအားဖမ်းဆီး သွားခြင်းဖြစ်သည်ဟု မျက်မြင်ဒေသခံများကပြောဆိုထားသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် မြို့နယ် ၅ မြို့နယ်မှ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ၅ ဦး၊ အတွင်းရေးမှူးတစ်ဦး၊ လွှတ်တော်ကိုယ်စားလှဘ် ၂ ဦး၊ NLD ပါတီဝင် ၄ ဦး၊ဒေသခံ ၆ ဦး စုစုပေါင်း ၁၉ ဦးဖမ်းဆီးခံထားရသည်။

https://www.facebook.com/102405104899336/posts/234148591724986/

Leave a Reply

Your email address will not be published.