By Western News / February 4 / 2021

Western News- ဖေဖော်ဝါရီလ ၄ ရက်နေ့
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာမှ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ကူညီထောက်ပံ့ပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ အကူညီများရပ်စဲသွားမည်ကို စစ်ဘေးရှောင်များက စိုးရိမ်မှုများရှိနေသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံများနှင့် လူမှုအဖွဲ့ အစည်းများက ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သည့်နောက်ပိုင်း စစ်ဘေးရှောင်များမှာ နေရပ်ပြန်နိုင်ရေး ပြင်ဆင်မှုများရှိသော်လည်း ယခုလက်ရှိတွင် နိုင်ငံရေးအခြေအနေများကြောင့် နေရပ်ပြန်လိုသူများမရှိတော့သလို စားနပ်ရိက္ခာများလည်း ပြတ်တောက်သွားမည်ကို စိုးရိမ်နေရသည်ဟု စစ်တွေမြို့ရှိ ရွှေပြည်သာစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုနေမျိုးထွန်းက ပြောဆိုသည်။
“ကျွန်တော်တို့မှာက နဂိုကတည်းက စားနပ်ရိက္ခာက သိမ်ဖူလုံတာမဟုတ်ဘူး။ အခုစစ်အာဏာ သိမ်းလိုက်တယ်ဆိုတော့ ပိုပြီးကြပ်တည်းသွားမလား စိုးရိမ်နေရတယ်” ဟုပြောသည်။
အလားတူ မြောက်ဦးမြို့ရှိ ရှော်မေစစ်ဘေးရှောင်စခန်းရှိ စစ်ရှောင်များမှာလည်း စစ်အာဏာ သိမ်းလိုက်သည့်အတွက် နဂိုပုံမှန်ရရှိနေ သည့် စားနပ်ရိက္ခာအထောက်အပံ့များ ရပ်တန့်သွားမည်ကို စိုးရိမ်နေကြ သည်ဟု စခန်းတာဝန်ခံ ဦးမောင်လှရွှေကပြောဆိုသည်။
စစ်ဘေးရှောင် ဒုက္ခသည်များအတွက်နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များရပ်စဲမည်၊ မရပ်စဲမည်ဆိုသည်မှာ လက်ရှိ စစ်တပ်အစိုးရအပေါ် တွင်မူတည်နေပြီး၊ ယခုအချိန်ထိ ယခင်ကထက် တင်းကြပ်ခြင်းများ ချမှတ်လုပ်ဆောင်သည်ကို မတွေ့ရသေးကြောင်း ရခိုင်တိုင်းရင်း သားမျိုးနွယ်များ အစည်းအရုံး (REC) မှအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။
“စစ်ဘေးရှောင်တွေအတွက် နိုင်ငံတကာ အထောက်အပံ့တွေ ရပ်ဆိုင်းမယ် မရပ်ဆိုင်းဘူးဆိုတာက လက်ရှိ စစ်အစိုးရအပေါ်မှာ အများကြီးမူတည်တယ်။ လက်ရှိအချိန်ထိတော့ ရခိုင်ပြည်နယ်မှာ တင်းကြပ်ထားတာတွေတော့ မတွေ့ရသေးဘူး” ဟုပြောသည်။
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်အများစုမှာ နိုင်ငံတကာအဖွဲ့အစည်း၏ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို အဓိကထား မှီခိုနေရသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများအနြေဖင့် တပ်မတော်က အာဏာသိမ်းထားသော်လည်း စစ်ဘေးရှောင် ဒုက္ခသည်များကို ဆက်လက်ကူ ညီထောက်ပံ့ပေးရန် တောင်းဆိုကြောင်း ကျောက်တော်မြို့ရှိ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် တစ်ဦးဖြစ်သူ ဦးအောင်ကျော်လှက ပြောဆိုသည်။
“အရင်ကလည်း ကျွန်တော်တို့ မှာ ကိုယ့်ရပ်ကိုယ့်ရွာကို ဘယ်အချိန်ပြန်နိုင်မလဲဆိုတာ မသိရဘူး။ အခု စစ်အာဏာသိမ်းလိုက်တယ် ဆိုတော့ ကျွန်တော်တို့ဘဝက ဘာမှမထူးတော့ဘူး၊ မျော်လင့်ချက်မဲ့သွားသလိုပဲ။ စားသောက်ရေးက နိုင်ငံတကာက အထောက်အပံ့တွေကို အဓိကထား စားသောက်နေရတာ။ နိုင်ငံတကာကလည်း စစ်အာဏသိမ်းထားပေမယ့် ဆက်လက်ကူညီ ထောက်ပံ့ပေးဖို့တောင်းဆိုချင်တယ်” ဟုပြောဆိုသည်။
https://www.facebook.com/102405104899336/posts/224494602690385/