By Western News/ 2021 February 13
ရခိုင်ပြည်နယ်၌ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရာ ဖမ်းဆီးမှုတစ်ချို့ရှိနေသော်လည်း သံတွဲမြို့၌ ၆ ရက်ဆက်တိုက်ဆန္ဒပြရာတွင် ဒေသခံပြည်သူများနှင့်အတူ ကျန်းမာရေးဝန်ထမ်းများပါဝင်လာသည်ဟု သံတွဲဒေသခံများကပြောသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ ကျော်အချိန်ခန့်က လူအင်အား ၆၀၀၀ ကျော်က သံတွဲမြို့မတစ်လျောက် လမ်းလျောက်ဆန္ဒပြရာ လမ်းတစ်ဝက်အရောက်တွင် ရဲတပ်ဖွဲ့ကကားများဖြင့်ပိတ်ဆို့လိုက်သဖြင့် ဆန္ဒပြသူများမှာထိုင်လျက်ဆက်လက်ဆန္ဒပြနေကြသည်ဟု အမည်မဖော်လိုသူတစ်ဦးကပြောသည်။
” ဆန္ဒပြသူတွေက လမ်းမကြီးတစ်လျောက်လမ်းလျောက်လို့ဆန္ဒပြတယ်။ လမ်းတစ်ဝက်အရောက်မှာ ရဲတွေကပိတ်ဆို့လိုက်တယ်။ ဆန္ဒပြသူတွေက ရှေ့မတိုးတော့ဘဲ ထိုင်လျက်ဆန္ဒပြနေကြတယ်။ ဒီနေ့မှာ ကျန်းမာရေးဝန်ထမ်း ၂၀ ဦးပါတယ်”ဟု ပြော သည်။
ယင်းအပြင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌လည်း လူဦးရေ ၄၀၀၀ ကျော်ကဆန္ဒပြခဲ့ကြရာ ရဲတပ်ဖွဲ့မှပိတ်ဆို့ဖြိုခွဲကာ ဆန္ဒပြလူစုထဲမှ ၁ ဦးမှာဖမ်းဆီးခံလိုက်ရသော်လည်း ညနေပိုင်း ၃ နာရီကျော်အချိန်ခန့်တွင်ပြန်လွတ်ပေးလိုက်သည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တောင်ကုတ်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရာတွင် ဒေသခံပြည်သူများနှင့်အတူ ပညာရေးဝန်ထမ်း ဆရာ၊ဆရာမများလည်း ပါဝင်လာသည်ဟု ဒေသခံများကပြောသည်။
https://www.facebook.com/102405104899336/posts/230028942136951/