စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံထားရသည့် သံတွဲဒေသခံ ၄ ဦးနှင့် မိသားစုဝင်များ ၁၀ ရက်ကြာတွေ့ခွင့်မရ

By Western News/ 2021 February 25

ရခိုင်ပြည်နယ်သံတွဲမြို့တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ထိုင်သပိတ်ဆန္ဒပြ၍ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တက္ကသိုလ်ကျောင်းသား ၁ ဦးနှင့် အရပ်သား ၃ ဦးတို့ကို ဖမ်းဆီးခံရသည့်နေ့မှ ယနေ့အချိန်ထိ တွေ့ခွင့်မရရှိသည်မှာ ၁၀ ရက်ကြာရှိနေပြီဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ဆန္ဒထုတ်ဖော်ခဲ့ကြသည့် မောင်အောင်ခိုင်မြင့်၊ မောင်ရန်ပိုင်ထွေး၊ မမြမြဝင်းနှင့် ဦးခင်မောင် (၄)ဦး တို့ကို ဆန္ဒပြနေစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ တပ်မတော် တပ်ရင်း (၅၅)နှင့် (၅၆၆)သို့ အသီးသီးပို့ဆောင်ထားပြီး ၎င်းတို့နှင့်မိသားစုဝင်များတွေ့ခွင့်မရရှိသဖြင့်စိုးရိမ်မှုများရှိနေကြောင်း ဖမ်းဆီးခံမောင်ခိုင်အောင်မြင့်၏ အကိုဖြစ်သူက Western News သို့ပြောသည်။
အခုအချိန်ထိ လုံးဝတွေ့ခွင့်မရသေးဘူး။ တာဝန်ရှိသူတွေပြောတာကတော့ အဆင်ပြေတယ်၊ အေးအေးဆေးဆေးပဲထားတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ မမြင်ရတဲ့အခါကျတော့ သူတို့မှာဘယ်လိုနစ်နာမှုတွေရှိနေလဲ၊ စိုးရိမ်တာပေါ့ ဟုပြောဆိုသည်။
နေပြည်တော်၊ ပျဉ်းမနားစသည့် မြို့ကြီးများ၌ ဆန္ဒပြ၍ ဖမ်းဆီးခံရသူများကို မေးမြန်းစစ်ဆေးပြီး ပြန်လွှတ်ပေးသော်လည်း ရခိုင်မှ ဖမ်းဆီးခံရသူများမှာ မိသားစုဝင်များနှင့်တောင် တွေ့ခွင့်မရသည့်အတွက် နစ်နာမှုများရှိနေကြောင်း ဖမ်းဆီးခံမောင်ခိုင်အောင်မြင့်၏ အကိုဖြစ်သူကပြောဆိုသည်။
ဖမ်းဆီးခံရသူများနှင့်မိသားစုဝင်များ တွေ့ခွင့်မရခြင်းနှင့် ပတ်သက်၍ သံတွဲမြို့မရဲစခန်းကိုဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၆ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်အချိန်တွင် ကျောင်းသားများဦးဆောင်၍ အင်အား ၁၀၀၀ ခန့် က သံတွဲမြို့ မာဃလမ်းမ၌ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့်က တက္ကသိုလ်ကျောင်းသား ၁ ဦးအပါအဝင် အရပ်သား ၃ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး သံတွဲမြို့မရဲစခန်းတွင် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရကြောင်းလည်း မိသားစုဝင်များပြောဆိုကြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်တွင် ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် မြို့နယ် ၅ မြို့နယ်မှ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ၅ ဦး၊ အတွင်းရေးမှူးတစ်ဦး၊ လွှတ်တော်ကိုယ်စားလှဘ် ၂ ဦး၊ NLD ပါတီဝင် ၄ ဦး၊ဒေသခံ ၆ ဦး စုစုပေါင်း ၁၉ ဦးဖမ်းဆီးခံထားရသည်။

https://www.facebook.com/102405104899336/posts/237992621340583/

Leave a Reply

Your email address will not be published.