By Western News / February 14 / 2021

Western News-ဖေဖော်ဝါရီ ၁၄ ရက်
ရခိုင်ပြည်နယ်အတွင်းမှ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်နယ်မြေဒေသများထဲမှ စစ်တွေ-အမ်းလမ်းမကြီးဝဲယာနှင့် ရသေ့တောင်မြို့နယ်မှ အငူမော်နှင့်ခမောင်းဆိပ်တို့တွင် ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ကာ တပ်မတော်မှမိုင်းရှင်းလင်းရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်မှ စစ်ဦးစီးပထမတန်းဗိုလ်မှူးကြီး နေထွန်းလှိုင်က Western News ကိုပြောသည်။
“ကျွန်တော်တို့က မနက်ဖြန်ကနေစပြီးရှင်းမယ်။ စပြီးရှင်းမယ်ဆိုတော့ စစ်တွေ-အမ်းလမ်းမကြီးရဲ့ ဘယ်ညာ နှစ်ဖက်ကိုရှင်းမယ်။ ဒေသခံတွေက ဒီနေရာကိုရှင်းပါဆိုပြီးတောင်းဆိုလာရင်လည်းကျွန်တော်တို့ရှင်းပေးမယ်။ လောလောဆယ်တော့ စစ်တွေ-အမ်းလမ်းမကြီးရဲ့ဘယ်ညာနှစ်ဖက်ပေါ့၊ ပြီးလို့ရှိရင် ကျွန်တော်တို့က အငူမော်နဲ့ ခမောင်းဆိပ်ဖက်ကိုရှင်းမယ်”ဟု ဗိုလ်မှူးကြီး နေထွန်းလှိုင်ကပြောသည်။
မိုင်းရှင်းလင်းရေးလုပ်ဆောင်ရာတွင်လည်း သက်ဆိုင်ရာရပ်မိရပ်ဖများကိုခေါ်ယူ၍ မိုင်းရှင်းရေးလုပ်ဆောင်မည့် နေရာများကို အသိပေးသွားမည်ဖြစ်ပြီး အရပ်ဖက်အဖွဲ့အစည်းများဖြင့်ပူးပေါင်းလုပ်ဆောင်မည့်အစီအစဉ်မရှိ ကြောင်းလည်း ဗိုလ်မှူးကြီး နေထွန်းလှိုင်ကပြောသည်။စစ်တွေ-အမ်းလမ်းမကြီးဝဲယာကို မိုင်းရှင်းလင်းရေးလုပ်ဆောင်ရာ၌ နှစ်ပတ်ခန့်ကြာမြင့်နိုင်ပြီး တခြားဒေသများကိုမိုင်းရှင်းလင်းရေးလုပ်မည် မလုပ်မည်ဆိုသည်မှာ အထက်ညွှန်ကြားချက်ပေါ်တွင်မူတည် ကြောင်းလည်း ဗိုလ်မှူးကြီး နေထွန်းလှိုင်ကပြောသည်။
“ကြာမည့်ရက်ကိုတော့ ကျွန်တော်တို့သတ်မှတ်လို့မရဘူး။ မိုင်းရှင်းလို့တွေ့တယ်ဆိုရင်ကြာမှာပေါ့။ မတွေ့ဘူး ဆိုရင်တော့ မိုင်းရှင်းလင်းရတာမြန်တာပေါ့။ အမ်း-စစ်တွေလမ်းမကြီးတစ်လျှောက်ကိုတော့ အကြမ်းဖြင်း အားဖြင့် နှစ်ပတ်လောက်လျာထားတယ်။ တခြားနေရာတွေမှာ မိုင်းရှင်းလင်းရေးလုပ်မယ်၊ မလုပ်ဘူးဆိုတာ ကတော့ ညွှန်ကြားချက်အပေါ်မှာပဲမူတည်တယ်”ဟုပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော် AA တို့၏ ၂ နှစ်တာ တိုက်ပွဲဖြစ်ပွားခဲ့မှုကာလအတွင်း စစ်လက်ကျန်လက်နက်ကြီးများနှင့်မြေမြှပ်မိုင်းပေါက်ကွဲမှုတို့ကြောင့် သေဆုံးသူ ၄၁ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၇၇ ဦးထိရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ စာရင်းအရသိရသည်။
https://www.facebook.com/102405104899336/posts/230753808731131/