စစ်တွေတွင် ကျောင်းများဖွင့်၊ ဆရာဆရာမများအချို့တက်ရောက်သည်ကိုတွေ့ရ

By Western News / February 22 / 2021

Western News ဖေဖော်ဝါရီ ၂၂ ရက်

မြန်မာနိုင်ငံအတွင်း ကိုဗစ်ဖြစ်ပွားချိန်မှစတင်ပိတ်ထားခဲ့သည့် အခြေခံပညာကျောင်းများအနက် ရခိုင်ပြည်နယ်မှ ကျောင်းများကို ဖွင့်လှစ်ရန် ညွှန်ကြားချက်များထွက်ပေါ်လာပြီးနောက် စစ်တွေမြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စတင်ကျောင်းများဖွင့်ထားသည်ကို တွေ့ရှိရသည်။

ယနေ့ကျောင်းများဖွင့်ရာတွင် ဆရာ၊ ဆရာမများအချို့ တက်ရောက်ကြသော်လည်း ကျောင်းသူကျောင်းသားများ ကျောတက်ရောက်သည်ကို မတွေ့ရပါ။

“ဒီနေ့က စာသင်ခန်းတွေကို ကိုဗစ်စည်းကမ်းတွေနဲ့အညီ ပြင်ဆင်မှုတွေလုပ်တာပါ။ ဆရာမတွေ အကုန်လုံးတက်ရောက်ကြပါတယ်။ ကျွန်မတို့က ဝန်ထမ်းတွေဆိုတော့ ညွန်ကြားချက်အတိုင်းလုပ်ရတာပါ” ဟု အမည်မဖော်လိုသည့် ဆရာမတစ်ဦးက ပြောဆိုသည်။

အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းရုံးဝန်ထမ်းများကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မှစ၍ ကျောင်းတက်ရောက်နိုင်ရေးညွှန်ကြားရန်နှင့် ဝန်ထမ်းများရောက်ရှိ ပျက်ကွက်မှုအခြေအနေများကိုလည်း မြို့နယ်ပညာရေးမှူးရုံးသို့ နံနက် ၁၀ နာရီ နောက်ဆုံးထားတင်ပြရန်ကြရမည်ဟု မြို့နယ်ပညာရေးမှုးရုံးများ၏ ညွှန်ကြားချက်များတွင်ပါရှိသည်။ရခိုင်ပြည်နယ်မှ ကျောင်းများပြန်လည်ဖွင့်လှစ်မည့်ကိစ္စနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ် ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းအားဆက်သွယ်ရာတွင် ဖုန်းကိုင်သော်လည်း တစ်စုံတစ်ရာဖြေဆိုခဲ့ခြင်းမရှိခဲ့ပါ။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်းမှ ကျောင်းများပြန်လည်ဖွင့်လှစ်မည့်မြို့နယ်များမှာ သံတွဲခရိုင်၊ ကျောက်ဖြူခရိုင်၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊မောင်တောခရိုင်စသော ရခိုင်ပြည်နယ်အတွင်းက အခြေခံပညာကျောင်းများဖွင့်ရန်ညွှန်ကြားခဲ့ကြောင်းသိရသည်။

လက်ရှိအချိတွင် မြန်မာနိုင်ငံအတွင်းအာဏာသိမ်းစစ်ကောင်စီအစိုးရအား ဆန္ဒပြမှုများမှာ တစ်ရက်ထက်တစ်ရက်တိုးလာနေပြီး လူသေဆုံးမှုအထိရှိနေကာ ရခိုင်ပြည်နယ်တစ်ခုတည်းကိုသာ ကျောင်းများပြန်လည်ဖွင့်လှစ်ရန်ညွှန်ကြားသည့်အပေါ်တွင်လည်း ဆရာ ဆရာမများကဝေဖန်မှုများရှိနေသည်။

https://www.facebook.com/102405104899336/posts/236087838197728/

Leave a Reply

Your email address will not be published.