စစ်ကောင်စီအားဆန့်ကျင်ဆန္ဒပြသည့် တောင်ကုတ်မြို့နယ် ALD ပါတီဝင်တစ်ဦးနှင့် ဒေသခံတစ်ဦးကို ရဲနှင့်စစ်တပ်ပူးပေါင်းအဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွား

By Western News/ 2021 February 28

စစ်ကောင်စီအစိုးရအား ဆန့်ကျင်ဆန္ဒပြသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ နယ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီဝင်တစ်ဦးနှင့် တောင်ကုတ်မြို့ခံတစ်ဦးတို့ကို ဖေဖော်ဝါရီ ၂၈ ရက် ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်ခန့် ဆန္ဒပြနေစဉ်အတွင်း ရဲနှင့် စစ်တပ်ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ တောင်ကုတ်မြို့နယ် ALD ပါတီဝင် ဦးကျော်ကျော်လင်း အသက်(၄၇) နှစ် နှင့် ကိုသားကြီး အသက်(၅၀)နှစ်တို့ဖြစ်သည်။
ယနေ့ ဆန္ဒပြရာတွင် တောင်ကုတ်မြို့ခံ ၃၀ ခန်ပါဝင်ပြီး မြို့မဘောလုံးကွင်းနားအရောက်တွင် ၄င်းတို့ ၂ ဦးကို ရဲနှင့်စစ်တပ်အင်အား ၅၀ ခန့်ကလာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု တောင်ကုတ်ဒေသခံတစ်ဦးဖြစ်သည့် ကိုရဲမာန်ခိုင်က Western News ကိုပြောသည်။
“ဆန္ဒပြဖို့စထွက်တာက ၈ နာရီခွဲအချိန်က စပြီးထွက်တာ။ မြို့မဘောလုံးကွင်းနားအရောက်မှာ သူတို့နှစ်ဦးကို ရဲနဲ့စစ်တပ်ပူးပေါင်းအဖွဲ့က လာပြီးဖမ်းခေါ်သွားတယ်။ ဆန္ဒပြတဲ့ ဆိုင်းဘုတ်တွေ၊ စာတန်းတွေကိုလည်း သိမ်းဆည်းသွားတယ်”ဟုပြောသည်။
လက်ရှိအချိန်တွင် ဖမ်းဆီးခံရသူနှစ်ဦးအား တောင်ကုတ်မြို့မရဲစခန်းကိုခေါ်ဆောင်သွားပြီး ဆန္ဒပြရာတွင်ပါဝင်သူတစ်ချို့ကိုလည်း ဆက်လက်ပြီးလိုက်လံဖမ်းဆီးနေကြောင်းလည်း ကိုရဲမာန်ခိုင်ကပြောသည်။
ဖမ်းဆီးသွားသည့်ကိစ္စနှင့်ပတ်သတ်ပြီး တောင်ကုတ်ရဲစခန်းမှ ရဲအုပ်ရဲမြင့်ထွန်းအား ဆက်သွယ်ရာတွင် အပြင်ရောက်နေ၍ အဆိုပါကိစ္စကို သူမသိကြောင်းပြောဆိုပြီး စခန်းမှူးအားဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိပေ။

https://www.facebook.com/102405104899336/posts/239807471159098/

Leave a Reply

Your email address will not be published.