By Western News/ 2021 February 11

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝကို ဆက်သွယ်ထားသည့် ကျောက်တော်- ပလက်ဝရေလမ်း ကုန်းလမ်းကြောင်းများကို တစ်နှစ်ကျော်ကြာပိတ်ထားခဲ့ပြီး ယခုအချိန်အထိ ပြန်ဖွင့်မပေးသေးသဖြင့် ပလက်ဝမြို့နယ်ရှိဒေသခံများမှာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအပိုင်းတွင် အခက်အခဲများစွာဖြင့် ကြုံတွေ့ခံစားနေကြရသည်ဟု ဒေသခံများ ကပြောသည်။
ကျောက်တော်မြို့အနီးကပ်ဆုံးရှိနေသည့် ပလက်ဝမြို့နယ်မှ ဒေသခံများမှာကျန်းမာရေးနှင့်ပတ်သက်၍ အရေးပေါ်ဆေးကုသမှုခံယူရန်အတွက် ကျောက်တော်မြို့သို့သွားနေရသည်။
ယခုကဲ့သို့ ကုန်းလမ်းကြောင်းနှင့် ရေလမ်းကြောင်းများကိုပြန်မဖွင့်သေးသဖြင့် လမ်း၌အသက် ဆုံးရှုံးခဲ့ရသည့် အခြေအနေများနှင့် ရင်ဆိုင်နေကြရသည်ဟု ပလက်ဝဒေသခံကိုတင်ထွန်းအောင်ကပြောသည်။
“အရေးပေါ်လူနာတွေဆိုရင် ကျောက်တော်ဆေးရုံကိုသွားတဲ့အခါ လမ်းကပြန်မဖွင့်သေးတော့ လုံခြုံရေးတွေကစစ်ဆေးနေတုန်းမှာပင် အသက်ဆုံးရှုံးသွားခဲ့ရတဲ့အခြေအနေတွေဖြစ်နေတယ်။”ဟု ပြောသည်။
၂၀၂၀ ခုနှစ်ဒီဇင်ဘာ ၁၄ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ ဒုံးလက်ဝကျေးရွာမှ ကလေးမွေးဖွားပြီးခါစအမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်တင်တင်ဝင်းမှာ အချင်းမကျနိုင်၍ ပလက်ဝဆေးရုံသို့သွားစဉ် တပ်မတော်စစ်ဆေးရေးဂိတ်များဖြစ်သည့် နှုံးဗူးဂိတ်နှင့်ရုပ်ဝဂိတ်တို့တွင် ၁ နာရီကျော်ကြာစစ်ဆေးခံရပြီးနောက် လမ်းတွင်သေဆုံးသွားခဲ့သည်။
စီးပွားရေးအပိုင်း၌လည်း ကျောက်တော်မြို့နယ်မှ ကုန်စည်စီးဆင်းမှုမရှိသဖြင့် ဆန်(ရွှေဝါထွန်း)တစ်အိတ်ကို ယခင်က ၁၃၀၀၀ ကျပ်ဖြင့်ဝယ်ယူလို့ရခဲ့သော်လည်း ယခုဆိုလျင် တစ်အိတ်ကို(၃၀၀၀၀)ကျော်ဖြင့် အဆမတန်ပေးကာဝယ်ယူစားသောက်နေကြရသည်ဟု ကိုတင်ထွန်းအောင်ကပြောသည်။
လက်ရှိအချိန်တွင် တိုက်ပွဲများရပ်တန့်နေသဖြင့် လုံခြုံရေးအရပိတ်ထားသော ရေ-ကုန်းလမ်းကြောင်းတို့ကို အမြန်ဆုံးပြန်ဖွင့်ပေးစေလိုကြောင်း၊ ၎င်းလမ်းကြောင်းတို့ကို ပြန်ဖွင့်ပေးမှသာလျင် ဒေသခံတို့၏ ကျန်းမာရေး၊စီးပွားရေး အဆင်ပြေမည်ဖြစ်သည်ဟု ဒေသခံများကတောင်းဆိုနေကြသည်။
ပလက်ဝမြို့ ဒေသခံတစ်ဦးဖြစ်သော ဦးမောင်နုဖြူက” ရေလမ်းကြောင်းတွေနဲ့ ကုန်းလမ်းကြောင်းတွေကို အမြန်ဆုံးဖွင့်ပေးဖို့လိုတယ်။ အခုကအကုန်ပိတ်ထားတော့ ကုန်စည်းတွေအကုန်စျေးနှုန်းတွေတက်နေတယ်။ တစ်လ၊နှစ်လလည်းမဟုတ် နှစ်ချီရှိနေပြီ ဒီလိုပိတ်ထားတာ။ ပြည်သူတွေကတော့တော်တော်လေးကိုအကျပ်အတည်းဖြစ်ကြတယ်။ ဒါတွေကို ဖြေလျှော့ပေးဖို့လိုတယ်”ဟုပြောသည်။
ကျောက်တော်- ပလက်ဝဆက်သွယ်ထားသည့် ရေလမ်းကုန်းလမ်းကြောင်းတို့ကိုပြန်ဖွင့်ပေးရန် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအစောပိုင်းက ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပလက်ဝဒေသတွင်ရှိသည့် တပ်မ ၁၁ တို့ထံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာကစာဖြင့် တင်ပြတောင်းဆိုခဲ့သည်။
သို့သော်လည်း ၎င်းတိုင်ကြားစာနှင့်ပတ်သက်၍တစ်စုံတစ်ရာအကြောင်းပြန်လာခြင်းမရှိဟု ဦးအောင်လော ဟာက Western News ကို ဒီဇင်ဘာလ အတွင်း၌ဖြေဆိုထားသည်။
ကျောက်တော်-ပလက်ဝလမ်းများပြန်ဖွင့်နိုင်ရေးနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက်လျှက်ရှိသည်ကို ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာနှင့် ချင်းပြည်နယ်စည် ပင်ဝန်ကြီး ဦးစိုးထိုက်ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ကျောက်တော်-ပလက်ဝ ဆက်သွယ်ထားသည့် ရေလမ်းနှင့်ကုန်းလမ်းကြောင်းကို တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေချိန် ၂၀၁၉ ခုနှစ်မှစတင်ကာ တပ်မတော်ဖက်က လုံခြုံရေးအရဟုဆိုကာပိတ်ထားခြင်းဖြစ်သည်။
https://www.facebook.com/102405104899336/posts/228833452256500/