ကျပ်သိန်းပေါင်း ၂ သောင်းကျော်ခန့်ကုန်ကျမည့် ရခိုင်မဟာမြတ်မုနိဘုရား ဂန္ဓကုဋီတိုက် အဆောက်အဦးအား ထိန်းသိမ်းရေးလုပ်ငန်း များ စတင်လုပ်ဆောင်

By Western News/ 2021 February 12


ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် မဟာမြတ်မုနိဘုရား ကိန်းဝပ်တော်မူသည့်ဂန္ဓကုဋီတိုက် အဆောက်အဦးအား ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများကို မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒမှ ဦးစီးပြီး စတင်လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။


ကျောက်တော် မဟာမြတ်မုနိဘုရား အဆောက်အဦးရှိ ကွန်ကရစ်တိုင်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ နှစ်ခန့်က ဆောက်လုပ်ခဲ့သည့်တိုင်များဖြစ်ကာ ယခုအချိန်တွင် ကွဲအက်မှုများဖြစ်နေ၍ အချိန်မရွေး ပြိုကျပျက်စီးနိုင်သည့် အနေအထားတွင်ရှိကြောင်း ဂေါပကအဖွဲ့၏ အဆိုပြုလျောက်ထားချက်အရ ယခုကဲ့သို့ ထိန်းသိမ်းပြုပြင်မှုများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြောက်ဦးဆရာတော် ဖောင်ဒေးရှင်း၏ ဘဏ္ဍာရေးတာဝန်ခံ ဦးသန်းထွန်းက Western News ကိုပြောကြားသည်။


တိုင်တွေတော်တော်များများက ကွဲအက်မှုတွေဖြစ်နေတယ်။ ငလျင်သော်လည်းကောင်း၊ မိုးတွင်းဆိုရင် လေမုန်းတိုင်းကျရောက်လာသော်လည်းကောင်း အချိန်မရွေး ပြိုလဲနိုင်တဲ့အနေအထားရှိတယ်။ ဒီအခြေအနေတွေကြောင့် ဆရာတော်ဘုရားက တော်တော်လေးအံ့သြတုန်လှုပ်ပြီးတော့ အခုလို အရေးပေါ် ထိန်းသိမ်းပြုပြင်ဖို့လုပ်ရတာဖြစ်ပါတယ် ဟုပြောသည်။


အဆောက်အဦးအတွင်းရှိ ဆွေးမြေ့အက်ကွဲနေသည့် ကွန်ကရစ်တိုင်များနေရာတွင် သံမဏိတိုင်များအစားထိုး ပြုပြင်သွားမည့်အပြင် အောက်ခံကျောက်ပြားအခင်းများ၊ စတီးသွပ်ပြားအမိုးများ အစားထိုးပြုပြင်ပြီး စောင်းတန်းများကိုပါ ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ရာ ကျပ်ငွေသိန်းပေါင်း ၂ သောင်းကျော်ခန့်ကုန်ကျမည်ဟု ဦးသိန်းထွန်းက ပြောဆိုသည်။


ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို မြောက်ဦးခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မဟာမြတ်မုနိဘုရား ဂေါပကအဖွဲ့၊ သြဝါဒါစရိယဆရာတော်များ၊ သံဃနာယက ဆရာတော် များ၊ ဒေသခံမြို့မိမြို့ဖများ၊ ရှေးဟောင်းသုတေသနဌာန၊ သာသနာရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာအဖွဲ့ များနှင့် ဆွေးနွေးတိုင်ပင်ပြီး ပြုပြင်ထိန်းသိမ်းရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှစ၍ ဆောင်ရွက်နေကြောင်းလည်း သိရသည်။


ပြုပြင်ထိန်းသိမ်းရာတွင် ရှေးဟောင်းအမွေအနစ်များ ထိခိုက်ပျက်စီးမှုမရှိအောင် ဌာနဆိုင်ရာများ၊ ပညာရှင်များနှင့်ညှိနှိုင်းတိုင်ပင်ပြီးဆောင်ရွက်နေသည့်အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်ဟုမြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနစ်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဌဒေါ်ခင်သန်းကပြောဆို သည်။


ကျွန်မတို့အနေနဲ့ကတော့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ရှေးဟောင်းယဉ် ကျေးမှုအမွေအနစ်တွေ ထိခိုက်ပျက်စီးမှုမရှိအောင် လိုအပ်တဲ့ ဌာနဆိုင်ရာ၊ ပညာရှင်တွေနဲ့ညှိနှိုင်း ဆောင်ရွက်ကြတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ် ဟုပြောသည်။

မဟာမြတ်မုနိဘုရားသည် ရခိုင်ဘုရင်စန္ဒသူရိယမင်းလက်ထက် ဗုဒ္ဓဘုရားကိုယ်တိုင် ရခိုင်ပြည်သို့ကြွ ရောက်ပြီး ကိုယ်စားတော်အဖြစ်သွန်းလုပ်ထားရှိခဲ့သည်ဟု ရခိုင်သမိုင်းမှတ်တမ်းများတွင်ဖေါ်ပြထားသည်။

https://www.facebook.com/102405104899336/posts/229503155522863/

Leave a Reply

Your email address will not be published.