By BBC/ January 2/ 2021
အေအေက ဖမ်းဆီးထားရာက ဇန်နဝါရီလ ၁ ရက် မှာ ပြန်လည်လွတ်မြောက်လာတဲ့ NLD ပါတီ လွှတ်ကိုယ်စားလှယ်လောင်းသုံးဦး စစ်တွေမြို့ကို မနေ့က ညနေပိုင်းမှာရောက်ရှိလာခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဆီကို တပ်မတော်ဘက်က ဆက်လက် လွှဲပြောင်းခဲ့ပေးပါတယ်။
အဲ့ဒီကိုယ်စားလှယ်လောင်းသုံးဦးတို့ဟာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းမှာ အေအေရဲ့ဖမ်းဆီးခြင်းခံလိုက် ကြရတာဖြစ်ပြီး ရက်ပေါင်း ၇၈ ရက်အကြာမှာ အေအေနဲ့တပ်မတော်တို့အကြား နှစ်ဖက်နားလည်မှုရယူပြီးတော့ ပြန်လွှတ်ပေးခဲ့ကြတာဖြစ်ပါတယ်။
ဇန်နဝါရီ ၂ ရက် ဒီကနေ့မှာတော့ ပြန်လည်လွတ်မြောက်လာတဲ့ သုံးဦးထဲက ဒေါ်နီနီမေမြင့်ဟာ မိသားစုတွေရှိရာ ရန်ကုန်မြို့ကို မနက်ပိုင်းလေယာဉ်နဲ့ရောက်ရှိခဲ့လာပြီး မိသားစုတွေနဲ့ ကျန်းမာစွာ တွေ့ဆုံခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ ဒေါ်နီနီမေမြင့်က ဘီဘီစီကို ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေ ပြုပြင်ပြောင်းလဲရမယ့် နိုင်ငံရေးအသွင်ကူးပြောင်းရေး ကာလတစ်ခုဖြစ်တဲ့ ကာလမျိုးမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဖြစ်ခဲ့ရတာနဲ့ပတ်သက်လို့ နိုင်ငံရေးကိုစိတ်ပါဝင်စားပြီး ဝင်ရောက်လုပ်ကိုင်နေကြတဲ့ လူငယ်တွေအတွက် နိုင်ငံရေးကို ကြောက်ရွံ့တွန့်ဆုတ်သွားမှာကို စိုးရိမ်မိတယ်လို့ ဒေါ်နီနီမေမြင့်က သူ့ရဲ့အမြင်ကို ပြောဆိုပါတယ်။
ကျန်တဲ့နှစ်ဦးဖြစ်တဲ့ ဦးမင်းအောင်နဲ့ ဒေါ်ချစ်ချစ်ချောတို့ကတော့ စစ်တွေမြို့မှာပဲ ဝန်ကြီးချုပ်နဲ့အတူရှိနေပြီး သူတို့မိသားစုတွေ နေထိုင်ရာ တောင်ကုတ်မြို့ကိုသွားကြဖို့အတွက် လေယာဉ်လက်မှတ်စောင့်ဆိုင်းနေရတယ်လို့ NLD ပါတီရဲ့ ရခိုင်ပြည်နယ် ဒုတိယဥက္ကဌဖြစ်တဲ့ ဦးစိုးလေးက ဘီဘီစီကို ပြောပါတယ်။
ကိုယ်စားလှယ်လောင်းသုံးဦးတို့ဟာ ဖမ်းဆီးခံရချိန်မှာ သူတို့ကိုဘာကြောင့်ဖမ်းဆီး ခဲ့တယ်ဆိုတာကို မသိခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံရေးလိုအပ်ချက်အရ ဖမ်းဆီးခဲ့တာဖြစ်တယ်ဆိုတာကို အေအေဘက်က ပြောဆိုချက်အရသိ ရတယ်လို့ ဒေါ်နီနီမေမြင့်က ပြောပါတယ်။
ကိုယ်စားလှယ်လောင်းသုံးဦးတို့ကို နိုင်ငံရေး၊ စစ်ရေး၊ တော်လှန်ရေးလိုအပ်ချက်တွေအရ ခေါ်ယူထိန်းသိမ်းခဲ့ရတာဖြစ်ပြီး ကောင်းကောင်းမွန်မွန်ပြန်လည်လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၁ ရက်နေ့ညနေပိုင်းမှာ ရက္ခိုင့်တပ်တော် အေအေဘက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံနေရချိန်မှာတော့ အေအေဘက်က ညှင်းပမ်းတာတွေမရှိခဲ့သလို အေအေလက်ထဲမှာနေထိုင်ခဲ့ရတဲ့ အချိန်တွေမှာ လည်း အခက်အခဲတွေမရှိခဲ့ဘူးလို့ ဒေါ်နီနီမေမြင့်က ပြောပါတယ်။
“ညှင်းပမ်းနှိပ်စက်တာတွေ ဘာတွေတော့ မရှိပါဘူး။ သူတို့က နိုင်ငံရေးလိုအပ်ချက်အရလို့တော့ပြောတယ်။ ကျန်တာတော့ မပြောပါဘူး။ ထားတာကတော့ဒီလိုပဲ ကောင်းကောင်းမွန်မွန်ထားပါတယ်။ အေးအေးဆေးဆေးပါပဲ။
ကျွန်မတို့ကိုစဖမ်းတဲ့ အချိန်က မျက်လုံးပိတ်သွားတော့ သွားတော့သွားရတာပေါ့။ ရေလမ်းကြောင်းကခေါ်သွားတာ။
စဖမ်းကတည်းက သူတို့က ဘာအကြောင်းအရာနဲ့ခေါ်မှန်းမသိဘူးလေ။ တောင်ကိုရောက်မှ ပြောတဲ့အခါကျတော့ အေးအေးဆေးဆေးပဲဆိုတော့ ကိုယ်လည်းအေးအေးဆေးဆေးပဲပေါ့”လို့ ဒေါ်နီနီမေမြင့်က ပြောပါတယ်။
ကိုယ်စားလှယ်လောင်းသုံးဦးဖြစ်တဲ့ ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်နဲ့ ဒေါ်ချစ်ချစ်ချောတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ မှာ တောင်ကုတ်မြို့နယ်အတွင်းက ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်ကြပြီး မဲဆွယ်စည်း ရုံးရေးကိစ္စနဲ့ ဖောင်းခါးကျေးရွာကို ရောက်ရှိနေစဉ်မှာ ရက္ခိုင့်တပ်တော် အေအေဘက်ကနေ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ကြရတာ ဖြစ်ပါတယ်။
ဖောင်းခါးကျေးရွာဟာ တောင်ကုတ်မြို့ပေါ်နဲ့ဝေးပြီး ရေကြောင်းခရီးကိုအသုံးပြုသွားလာရကာ တောင်ကုတ်မြို့နယ်နဲ့ ရမ်းဗြဲ မြို့နယ်အစပ်မှာရှိတဲ့ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးရေးအတွက်ရောက်ရှိလာ NLD ကိုယ်စားလှယ်လောင်း တွေ အဲ့ဒီကျေးရွာမှာ မနက်စာ ထမင်းစားနေတုန်းမှာ အေအေတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာခဲ့ပြီး သူတို့သုံးဦးကို လှေနဲ့ခေါ်ဆောင် သွားခဲ့တာဖြစ်တယ်လို့ အဲ့ဒီနေ့က ဖမ်းဆီးရာမှာ မပါဝင်ဘဲ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ တောင်ကုတ် NLD ပါတီဝင်တစ်ဦးက ပြောပါတယ်။
မနေ့က သူတို့သုံးဦးကို ပါတီရဲ့ဥက္ကဌလည်းဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဦးညီပုက စစ်တွေမြို့ တပ်မတော် ဗန္ဓုလရိပ်သာမှာ လွှဲပြောင်းလက်ခံခဲ့ပြီး သူတို့ရဲ့မိသားစုတွေရှိတဲ့ဒေသတွေကို ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
နှစ်လကျော်အကြာ ဖမ်းဆီးထိန်းသိမ်းခံနေခဲ့ရတဲ့အချိန်မှာလည်း NLD ပါတီအနေနဲ့ သူတို့ကို ပြန်လည်လွှတ်ပေးဖို့တောင်း ဆိုမှုတွေပြုလုပ်ခဲ့သလို ပါတီဝင်တွေကိုပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်တဲ့အတွက် ပြောစရာမရှိတော့ဘူးလို့ ရခိုင်ပြည်နယ် NLD ပါတီ ဒုတိယဥက္ကဌ ဦးစိုးလေးက ပြောပါတယ်။
- ဖမ်းထားတဲ့ NLD ကိုယ်စားလှယ်တွေကို အေအေပြန်လွှတ်
- NLD ပါတီဝင်တွေကိုလွှတ်ပေးသလို အစိုးရအနေနဲ့ တုံ့လှည့်မေတ္တာထားဖို့ အေအေတောင်းဆို
အဲ့ဒီသုံးဦးပြန်လည်လွတ်မြောက်လာခဲ့တာနဲ့ပတ်သက်လို့ မနေ့ကညနေပိုင်းမှာ တပ်မတော်ရိပ်သာမှာ တပ်မတော်နဲ့ ပြန်လွတ်လာသူတွေက သတင်းစာရှင်းလင်းပွဲ တစ်ခုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
NLD ပါတီဝင်သုံးဦးဖမ်းဆီးခံနေရရာကနေ ပြန်လည်လွတ်မြောက်လာဖို့အတွက် တပ်မတော်အနေနဲ့ အေအေနဲ့ဆွေးနွေး ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကြရပြီး အဲ့ဒီဆွေးနွေးမှုရလဒ်တွေကြောင့် ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ တပ်မတော် ဘက်က ပြောဆိုပါတယ်။
မနေ့ကညနေပိုင်း တပ်မတော်ရိပ်သာမှာ သတင်းစာရှင်းလင်းပွဲမှာတော့ ပြန်လည်လွတ်မြောက်လာသူတွေရဲ့ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ရာမှာ သူတို့တွေဟာ နိုင်ငံရေးရဲ့သားကောင်ဖြစ်ခဲ့ရတယ်လို့ ဒေါ်ချစ်ချစ်ချောက ပြော ကြားခဲ့ပါတယ်။
https://www.facebook.com/166580710064489/posts/3729085640480627/