By Narinjara/ 2021 January 19
ဆောင်းဇာခြည်

ရက္ခိုင့်တပ်တော် (AA) နှင့်ဆက်စပ်သည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ မောင်စိုးကျော်လင်းတို့အမှုနှင့်ပတ်သက်သည့်တရားခံသက်သေများအား တရားရုံးမှ ခေါ်ထား၍ ရုံးချိန်းတွင် တရားခံသက်သေများ ရောက်သော်လည်း စစ်ဆေးခဲ့ခြင်းမရှိကြောင်း သတင်းရရှိသည်။ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ မောင်စိုးကျော်လင်း (၁၇ နှစ်)နှင့် သူ၏ယောက်ဖ ကိုထွန်းလင်းကျော် (၂၉ နှစ်)တို့ကို ၁၁ ကြိမ်မြောက် ရုံးချိန်း၌ ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးခဲ့ခြင်းမရှိကြောင်း မောင်စိုးကျော်လင်း၏ မိခင် ဒေါ်မကျော့နုက ပြောသည်။ဒေါ်မကျော့နုက “တရားသူကြီး အလွှဲအပြောင်းရှိလို့ မစစ်တော့ဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ရုံးချိန်းမှာ တရားခံဘက်က သက်သေတွေကို ခေါ်လာခဲ့ဆိုလို့ ကျွန်မတို့ သက်သေ ၄ ယောက်ခေါ်သွားတာ မစစ်ခဲ့ရပါဘူး။” ဟု နိရဥ္စရာသို့ ပြောသည်။၎င်းတို့နှစ်ဦးအား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပလက်ဝမြို့အခြေစိုက် (၂၈၉) တပ်ရင်းက AA တပ်ဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပလက်ဝမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည်ဟု သိရသည်။ယနေ့ ရုံးချိန်းခေါ်ယူကာ မစစ်ဆေးခဲ့သည့် အခြေနေနှင့်ပတ်သက်ပြီး ပလက်ဝမြို့မရဲစခန်းမှူး ဒုရဲမှူး ဝေလွင်က “တကယ်တော့ ဒီနေ့ တရားခံပြသက်သေကို စစ်မှာပေါ့နော်။ တရားခံပြသက်သေကို စစ်လို့ စိုးကျော်လင်းတို့ လွတ်လာနိုင်ခြေရှိလား မရှိဘူးလားကိုတော့ တရားသူကြီးရဲ့ စစ်ဆေးချက်ပေါ်ပဲ မူတည်ပါတယ်။ ဒါပေမယ့် ဒီနေ့ တရားသူကြီးက တခြားနေရာတစ်ခုကို ပြောင်းဖို့အတွက် အမိန့်ကျတယ်လို့ သိရပါတယ်။ အဲဒါကြောင့် နောက် အသစ်တရားသူကြီးတစ်ယောက်က ဆက်ပြီး ဆောင်ရွက်ရမယ်ပေါ့နော်။ အခု တရားသူကြီးက ပြောင်းရတော့မှာဆိုတော့ သူပြောင်းဖို့အတွက် ပြင်ဆင်ရဦးမှာပေါ့။ အဲဒါကြောင့် မစစ်ဆေးခဲ့ရပါဘူး။” ဟု နိရဥ္စရာသို့ ပြောသည်။၄င်းမောင်စိုးကျော်လင်းတို့အား ရုံးချိန်းခေါ်ယူပြီး ရုံးထုတ်ရာတွင် တရားလို သက်သေများ တရားရုံးသို့ မရောက်၍ ၄ ကြိမ်တိုင် စစ်ဆေးခဲ့ခြင်းမရှိကြောင်းလည်း မိသားစုဝင်များ၏ပြောပြချက်အရ သိရသည်။“စွဲချက်တင်သင့်/မသင့်ကိုတော့ နောက်တစ်ခေါက် ရုံးချိန်းမှာ သိရမယ်လို့ ထင်ပါတယ်။ အခုက စွဲချက်မတင်သေးဘူး။ အခု ကျွန်မသားလေးက ရုံးချိန်းခေါ်ရင်လည်း မစစ်ဆေးဘူး။ အမြန်ဆုံး ပြန်လွတ်ချင်နေပါပြီ။ သူလုပ်ကျွေးလို့ စားနေကြရတာ။ သူမရှိတော့ အခက်ခဲတွေ အများကြီးကြုံရပါတယ်။” ဟု ဒေါ်မကျော့နုက ဆက်ပြောသည်။လက်ရှိတွင် ၎င်းတို့နှစ်ဦးကို ပလက်ဝမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ယခုလ ၂၆ ရက်နေ့တွင် ရုံးချိန်း ထပ်မံခေါ်ယူထားကြောင်း သိရသည်။
https://www.facebook.com/151742128171206/posts/3973219926023388/