AA သို့ပို့မည့် ရိက္ခာများသိုလှောင်ထားသည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဆန်စက်ပိုင်ရှင်ကို ၄ လကျော်ကြာသည်အထိ ရုံးထုတ်စစ်ဆေးမှုမရှိသေး

By Western News/ 2021 January 20

ခိုင်ဇော်ထွန်း

ရက္ခိုင့်တပ်တော် AA ကိုပို့ရန် ရိက္ခာများသိုလှောင်ထားသည်ဟုဆိုကာ တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်း အသက်(၄၈)နှစ်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ ၄ လကျော်ကြာရှိနေပြီဖြစ်သော်လည်း တရားရုံးထုတ်စစ်ဆေးမှု တစ်ကြိမ်မှမရှိသေးကြောင်း သမီးဖြစ်သူ Western News ကိုပြောသည်။ ဦးရဲကျော်ထွန်း၏ ဆန်စက်ရုံကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က တပ်မတော်မှ စစ်ကြောင်းမှ ဝင်ရောက်ရှာဖွေမှု ပြုလုပ်ခဲ့ပြီး ဆန်စက်အတွင်းတွေ့ရှိခဲ့သည့် ဆန်အိတ် ၇၃ အိတ်မှာ ရက္ခိုင့်တပ်တော် AA သို့ပို့ဆောင်မည့် ဆန်အိတ်များဟုဆိုကာ ဆန်အိတ် ၈၀ ကိုသိမ်းဆည်းခဲ့ပြီးနောက် ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်း ကိုလည်းဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး အကြမ်းဖက် ဥပဒေပုဒ်မ ၅၀(ည) ၅၂ (က) နှင့်တရားစွဲဆို ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။”အဖေအဖမ်းခံရတာ အခုဆိုရင် ၄ လကျော်ရှိနေပြီ။ ရုံးချိန်းတာတော့ ၇ ကြိမ်လောက်ရှိနေပြီ။ ရုံးတော့ချိန်းတယ် ကိုဗစ်နဲ့မို့လို့ ထင်တယ်။ လူကိုရုံးထုတ်ပြီးစစ်ဆေးမေးမြန်းမှုမရှိဘူး။ အခုတော့ အဖေ့ကို ထောင်ချုပ်ထဲမှာထားတယ်။ မိသားစုနဲ့လည်းတွေ့ခွင့်မရဘူး။ ရဲစခန်းကထုတ်လာတဲ့အခါ တစ်ခေါက်ပဲ တွေ့ခွင့် ရလိုက်တယ်။ စားစရာတွေပို့ရင်လည်း တွေ့ခွင့်မရဘူး။ တစ်ဆင့်ခံပဲပို့ရတယ်။ အဖေဘယ်လိုနေလဲ ဆိုတာကိုလဲမသိဘူး။ ကျန်းမာရေး ကောင်းလားမကောင်းလားဆိုတာလဲ ကျွန်မတို့မသိဘူး”ဟုပြောသည်။ယင်းအပြင် ဖခင်ဖြစ်သူမှာ အပြစ်မရှိသည့်အတွက် ပြန်လွတ်လာမည်ဟုမျော်လင့်ကြောင်းလည်း ဦးရဲကျော်ထွန်း၏သမီးဖြစ်သူ မစုလှိုင်ဦးကဆိုသည်။ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းအမှုနှင့်ပတ်သက် လက်ရှိတွင် ကေိုဗစ်ရောက်ဂါကြောင့် ရုံးမထုတ်ခြင်းဖြစ်ပြီး ၄င်းအမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေ ၉ ဦးရှိကြောင်း သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့မှ ဒါရိုက်တာ ဦးငြိမ်ချမ်းက Western News ကိုပြောသည်။လက်ရှိမှာတော့ ကိုဗစ်ရောဂါကြောင့် ရုံးထုတ်တာကိုအကုန်ရပ်နားထားပါတယ်။ အာမခံရတာဖြစ်စေ၊ အာမခံမရတာဖြစ်စေ ရုံးထုတ်တာကို အကုန်ရပ်နားထားတာပါ။ ထောင်ထဲကိုမရောက်တဲ့အချုပ်ခန်းထဲမှာရှိနေတဲ့ အချုပ်သားတွေကိုတော့ ဒီအပတ်မှာ စပြီးတော့ စစ်မယ်လို့တော့ တရားရုံေးတွကတော့ ပြောထားပါတယ်။ တစ်ချို့ကျတော့ ရုံးထုတ်မစစ်ဆေးရတာ ၄ လတောင် မဟုတ်ပါဘူး။ ၈ လ လည်းရှိတာရှိတယ်။ပြီးတော့ တရားခံမရှိဘဲ အမှုစစ်လို့မရတာတွေရှိတယ်။ အဲ့ဒါကြောင့်ပါ။ ပြီးတော့ ဒီအမှုမှာတရားလိုပြသက်သေ ၉ ဦးရှိတယ်” ဟုပြောသည်။ယင်းအမှုတွင် တရားလိုပြသက်သေများဖြစ်ကြသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများပါဝင်ပြီး ၎င်းများအား တစ်ကြိမ်တစ်ခါမှ ရုံးထုတ်စစ်ဆေးခြင်းမရှိသေးဟု အမှုလိုက်ဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့မှ ဒါရိုက်တာ ဦးငြိမ်ချမ်းက Western News ကိုပြောသည်။၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ရာတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဦးရဲကျော်ထွန်း၏ဆန်စက်မှ AA သို့ပို့ဆောင်ရန်သိုလှောင်ထားသည့် ဆန်အိတ် ၈၀ ကိုသိမ်းဆည်းရမိကြောင်း ထုတ်ပြန်ခဲ့သည်။ မိသားစုဝင်များကမူ တပ်မတော်မှသိမ်းဆည်းသွားသည့် ဆန်အိတ်များမှာ စစ်တွေရှိဆန်ပွဲရုံများသို့ ရောင်းချမည့် ဆန်အိတ်များသာဖြစ်ကြောင်း Western News ကိုပြောဆိုထားသည်။ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ဖြင့်တရားရင်ဆိုင်နေရသူ ၂၆၉ ဦးထိရှိပြီး၊ ၎င်းတို့မှာ စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၁၃ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦး ထိရှိကြောင်း သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့၏ စာရင်းအရ သိရသည်။

Western News- WN

https://www.facebook.com/102405104899336/posts/215275186945660/

Leave a Reply

Your email address will not be published.