By Khit Thit/ January 1/ 2021
ရန်ကုန်၊ ဇန်နဝါရီ ၁ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် တပ်မတော်ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အွန်လိုင်းမှ ၃၅ မိနစ်ကြာဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးမှု ရလဒ်အရ NLD အဖွဲ့ဝင် ၃ ဦး၊ မြန်မာတပ်မတော်မှ စစ်သုံ့ပန်း စစ်သားများကို စတင် လွှတ်ပေးနေပြီဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။”ဒီဇင်ဘာလ ၃၀ ရက်နေ့က ULA ဥက္ကဋ္ဌနဲ့ မြန်မာစစ်တပ် ဆွေးနွေးရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီးရာပြည့်တို့ ဒုတိယအကြိမ် ၃၅ မိနစ်ကြာ အွန်လိုင်းပေါ်ကနေ ဖြစ်ပေါ်တိုးတက်မှု ရလဒ်အနေနဲ့ အခုလို ပြန်လည် လွှတ်ပေးတာဖြစ်တယ်” ဟု ခိုင်သုခက ပြောဆိုသည်။ ယနေ့ နံနက်ပိုင်းတွင် ပလက်ဝတွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ဖမ်းဆီးရမိသော မြန်မာတပ်မတော်မှ ဒုအရာခံဗိုလ်တစ်ဦးနှင့် တပ်သား ၂ ဦးကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ ” နောက်ထပ်လွှတ်ပေးဖို့ စီစဉ်ထားတာကတော့ မြန်မာစစ်တပ်ဘက်က ဒီတိုက်ပွဲကာလတွေမှာ ဖမ်းဆီးရမိတဲ့သူတွေထဲက အသက်ကြီးပြီးတော့မှ နာမကျန်း ဖြစ်နေတဲ့ သူတွေ၊ နဂိုကျန်းမာရေးအခြေခံ ချို့တဲ့ပြီး အခုလည်းပဲ ကျန်းမာရေး အခြေအနေပိုပြီးတော့ ဆိုးဝါးလာတဲ့သူတွေနောက်ပြီးတော့ တိုက်ပွဲကာလမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိတဲ့သူတွေကို လူသားချင်း စာနာထောက်ထားအနေနဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေတဲ့ကာလမှာ ဒီငြိမ်းချမ်းရေး ဖြစ်စဉ် ရလဒ်ဖြစ်ပေါ်တိုးတက်မှုအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ လက်ထဲမှာ ဖမ်းဆီးရမိထိန်းသိမ်းထားတဲ့ မြန်မာစစ်သားတချို့ ကို ကျနော်တို့ ပြန်လည် လွှတ်ပေးမှာဖြစ်တယ်။ ဒီနေ့ မနက် ပလက်ဝဘက်မှာ မြန်မာစစ်သား ၃ ဦးကို မြန်မာစစ်တပ် လက်ခံရေးအဖွဲ့ဆီကို ပေးအပ်ပြီးတော့ ကောင်းကောင်းမွန်မွန်ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်တယ်။ ပလက်၀ ဘက်က ပြန်လည် လွှဲပြောင်း လွှတ်ပေးလိုက်တဲ့သူတွေက အရာခံဗိုလ်ဦးမြင့်အောင်၊ တပ်သားနန်းဝင်းမောင်၊ တပ်သားဝေလင်းအောင်ပေါ့။ သူတို့ ၃ ဦးက တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၁၃ တပ်ရင်းက ဖြစ်တယ်” ဟု ခိုင်သုခက ဆိုသည်။
https://www.facebook.com/385165108587508/posts/1098705010566844/