By Khit Thi/ 2021 January 11
ရခိုင်ပြည်နယ်လွှတ်တော်တွင် AA ကို အကြမ်းဖက်အဖွဲ့ အဖြစ်မှ ပယ်ဖျက်ရေးအဆိုတစ်ရပ်ကို ယနေ့ တင်သွင်းလိုက်ပြီး ယင်းအဆိုကို တပ်မတော်၊ NLD ၊ ANP ပါတီအပါအဝင် လွှတ်တော်အမတ်များ အားလုံးက ကန့်ကွက်ခြင်းမရှိ၍ လွှတ်တော်က လက်ခံဆွေးနွေးရန် အတည်ပြုလိုက်ကြောင်း သိရှိရသည်။ ယနေ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင် ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က သတ်မှတ် ကြေညာထားသော ULA/AA အား ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အကြမ်းဖက်အဖွဲ့အစည်း အဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့် အဆိုကို တင်သွင်းလိုက်ပြီး ယင်းအဆိုကို ကန့်ကွက်သူမရှိ၍ လက်ခံ ဆွေးနွေးရန် အတည်ပြုလိုက် ခြင်းဖြစ်ကြောင်း သိရှိရသည်။ ရခိုင့်ဦးဆောင်ပါတီမှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇောဦးက “ဘယ်သူကမှ မကန့်ကွက်ကြဘူး။ ဇန်နဝါရီ ၁၃ ရက်နေ့ နောက်ပိုင်း ဆွေးနွေးပါလိမ့်မယ်။ လွှတ်တော်က ဆွေးနွေးဖို့ လက်ခံလိုက်ပြီ။ ကျနော်တို့ ရခိုင့်ဦးဆောင်ပါတီက ဒီလို ULA /AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားခြင်းက ပယ်ဖျက်ဖို့အတွက် ပါတီ CEC ကနေ ဆုံးဖြတ်ပြီးတော့ ထုတ်ပြန်ချက် ထုတ်တာ ၂ ခါတောင်ရှိနေပါပြီ။ ဒါက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အတားအဆီး ကြီးကြီးမားမားအနေနဲ့ ပိတ်ဆို့နေတဲ့ အရာဖြစ်တယ်။ ဒါကို အရင်ဆုံးပယ်ဖျက်ရမယ်လို့ ကျနေ်ာတို့ အမြဲတမ်းပဲ တောင်းဆိုခဲ့ပါတယ်။ အခုလည်း အဲဒီသဘောထားအတိုင်း ရပ်တည်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ရခိုင်ပြည်နယ် လွှတ်တော်တွင် ရခိုင်အမျိုးသားပါတီမှ အမတ် ၂၂ ဦး၊ NLD မှ အမတ် ၉ ဦး၊ ကြံ့ခိုင်ရေးပါတီမှ ၃ ဦး ၊ တပ်မတော်သားအမတ် ၁၂ ဦး၊ တစ်သီးပုဂ္ဂလအမတ် ၁ ဦး စုစုပေါင်း အမတ် ၄၇ ဦး ရှိကြောင်း သိရှိရသည်။
https://www.facebook.com/385165108587508/posts/1105201866583825/