ဦးညီပု – တာဝန်ပေးရင် ရခိုင်ဝန်ကြီးချုပ် ဆက်လုပ်မယ်

By Narinjara/ 2021 January 4

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု
ဓာတ်ပုံ ပုံစာ, တာဝန်ပေးရင် ဆက်လုပ်သွားမယ်လို့ ဆို

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက မကြာခင်ဖွဲ့စည်းမယ့် အစိုးရသစ်လက်ထက်မှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်လို့ ရှိရင် သူ့အနေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက် ဒီကနေ့ ကျရောက်တဲ့ ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှာ နိုင်ငံတော်သမ္မတက ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး အခမ်းအနားအပြီးမှာ မီဒီယာတွေရဲ့မေးမြန်းချက်တွေအပေါ် အခုလိုဖြေကြား ခဲ့တာဖြစ်ပါတယ်။

ဦးညီပုဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အာဏာရရှိလာခဲ့တဲ့အချိန်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် တာဝန်ပေးခံရသူဖြစ်ပါတယ်။

အစိုးရသစ်လက်ထက်မှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်လို့ရှိရင် ထမ်းဆောင်ဖို့အတွက် ဆန္ဒရှိပေမယ့် သူအနေနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြန်ဖြစ်လာမယ်လို့ ယတိပြတ်မျှော်လင့်ထားတာမျိုးမရှိဘူးလို့ ဦးညီပုက ပြောပါတယ်။

“အဲ့ဒါကတော့ တာဝန်ပေးတဲ့အပေါ်မှာပဲ မူတည်မှာပါ။ မျှော်လင့်ထားတာတော့မရှိပါဘူး။ တာဝန်ပေးတဲ့အပေါ်မှာပဲ ဆောင်ရွက်သွားမှာပါ။ လက်ရှိမှာတော့ ကိုယ်လုပ်ပေးနိုင်တဲ့အပိုင်းက လုပ်ပေးရတဲ့အတွက် အားရကျေးနပ်ပါတယ်”လို့ ဦးညီပုက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေရာအများဆုံးအနိုင်ရရှိခဲ့ ပေမယ့် ရခိုင်ပြည်နယ်မှာတော့ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်မြို့နယ်တွေမှာပဲ အနိုင်ရရှိပြီး ကျန်မြို့နယ်တွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာမှာ နေရာအများစုအနိုင်ရရှိခဲ့တဲ့ NLD က အစိုးရဖွဲ့စည်းခွင့်ရရှိခဲ့ပြီး အခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရအကြီးအကဲ သမ္မတက ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေကို ဖွဲ့စည်းတာဝန်ပေးခွင့်ရှိတဲ့အတွက် ဦးညီပုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် NLD အစိုးရက တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဦးညီပုကတော့ သူ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ အစိုးရသက်တမ်းငါးနှစ်တာအတွင်းမှာ နိုင်ငံတော်ကရည်မှန်းထားတဲ့ ရည်မှန်းချက်တွေ ရာနှုန်းပြည့်မဆောင်ရွက်နိုင်ခဲ့တာကြောင့် လိုအပ်ချက်တွေရှိနေပြီး အဲ့ဒီပေါ်မှာလည်း ဆက်လက်ကြိုးစားသွားမှာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

NLD အစိုးရဟာ သက်တမ်းငါးနှစ်သာရှိသေးတဲ့အတွက် နိုင်ငံတော်မှာ ဆက်လက်ပြီးလုပ်ကိုင်စရာတွေ အများကြီးကျန်နေ သေးသလို နိုင်ငံတော်မှာလည်း အားနည်းချက်တွေရှိနေတဲ့အတွက် ရည်မှန်းချက်တွေအောင်မြင်ဖို့ဆိုတာ အချိန်တိုကာလ အတွင်းမှာ ဖြစ်လာနိုင်ဖို့ခက်ခဲတယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် အားလုံးစည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြမယ်ဆိုလို့ရှိရင် အဲ့ဒီလိုအပ်ချက်တွေကို ရောက်အောင် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ရခိုင်မှာ အများစုနေရာမရထား

NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံး အနိုင်ရရှိထားပေမယ့် သူတို့ရဲ့ပြိုင်ဘက်လည်းဖြစ် အတိုက်အခံလည်းဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်တို့ကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကန့်ကွက်မှုတွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာလည်း ရွေးကောက်ပွဲမတိုင်မီ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေတဲ့အတွက် လွတ်လပ်ပြီး တရားမျှတဲ့ရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိဘူးဆိုပြီး ရခိုင်မြောက်ပိုင်းက မြို့နယ်ကိုးမြို့ နယ်ကို ချန်လှပ်ထားခဲ့ကာ အလယ်ပိုင်းနဲ့ တောင်ပိုင်းက ၈ မြို့နယ်မှာပဲ ကျင်းပခဲ့ပါတယ်။

အဲ့ဒီ ၈ မြို့နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပခဲ့ရာမှာ NLD ပါတီဟာ ဝန်ကြီးချုပ်ရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်မှာပဲ အနိုင်ရရှိခဲ့ကာ ၂၀၁၅ ခုနှစ်က အင်အားကောင်းခဲ့တဲ့ တောင်ပိုင်းမြို့နယ် အများစုမှာရှုံးနိမ့်ခဲ့ပါတယ်။

ANP ပါတီ
ဓာတ်ပုံ ပုံစာ, ANP ဟာ ၂၀၁၅ မှာရော ၂၀၂၀ မှာပါ ပြည်နယ်အတွင်း အမတ်နေရာအများစု အနိုင်ရထားခဲ့

“အဓိက ရခိုင်အမျိုးသားပါတီ ANP ဆိုတာလည်း ရခိုင်ပြည်နယ်မှာ အင်အားအကြီးဆုံးပါတီတစ်ရပ်ဖြစ်တယ်။ ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ ပါတီတစ်ရပ်လည်းဖြစ်တယ်။ အဲ့ဒီတော့ ပါတီနဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီးတော့ အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ဒေသ တည်ငြိမ်အေးချမ်းဖို့ ဖွံ့ဖြိုးတိုးတက်ဖို့ အခင်အကျင်းသစ်တွေနဲ့ ဘယ်လိုသွားသင့်တယ်ဆိုတာကို NLD အစိုးရအနေနဲ့ ရခိုင်အမျိုးသားပါတီနဲ့ ညှိနှိုင်းပြီးတော့ သွားသင့်တယ်လို့ ထင်ပါတယ်”လို့ စစ်တွေမြို့နယ်က အနိုင်ရရှိထားတဲ့ ANP လွှတ်တော်အမတ် ဦးထွန်းထွန်းအောင်က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာရော ဒီနှစ် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာပါ ရခိုင်ပြည်နယ်အတွင်း အများဆုံး အနိုင်ရရှိထားတဲ့ ပါတီတစ်ခုဖြစ်ပြီး၂၀၁၅ ခုနှစ် NLD အစိုးရတက်လာခဲ့တဲ့အချိန်မှာတော့ ပါတီကို တရားဝင်ကမ်းလှမ်းတာမျိုး မဟုတ်ဘဲ ပါတီဝင် လွှတ်တော်အမတ်တချို့ကို ခေါ်ယူပြီး အစိုးရအဖွဲ့ထဲ ထည့်သွင်းခဲ့တာဟာ မလုပ်သင့်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဦးထွန်းထွန်းအောင်က ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီးကာလ အစိုးရသစ်ဖွဲ့စည်းတဲ့အခါမှာ ANP ဘက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာကို တောင်းဆိုခဲ့ပေမဲ့ NLD ဘက်က ထည့်သွင်း စဉ်းစားတာမျိုးမရှိသလို ပါတီကိုအသိမပေးဘဲ ANP အမတ်တစ်ဦးကို အစိုးရအဖွဲ့ထဲခေါ်ယူခဲ့တာကြောင့် အဲဒီအမတ်ကို ပါတီက ထုတ်ပယ်လိုက်တဲ့အပြင် NLD နဲ့ ANP ကြားထဲမှာလည်း အဆင်မပြေမှုတွေဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ဦးညီပု ဦးဆောင်တဲ့ ပြည်နယ်အစိုးရတာဝန်ယူခဲ့တဲ့ငါးနှစ်တာအတွင်း ရခိုင်ပြည်နယ်အတွင်း ပြဿနာတွေ အများအပြား ပေါ်ပေါက်ခဲ့ပြီး စီမံခန့်ခွဲမှုပိုင်းဆိုင်ရာတွေမှာလည်း အားနည်းခဲ့တဲ့အတွက် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကိုလည်း ကောင်းကောင်းမွန်မွန် မဆောင်ရွက် နိုင်ခဲ့သလို ဝန်ကြီးချုပ် ဦးညီပုဟာ ရိုးသားပေမယ့် တိုးတက်တဲ့အမြင်တွေမရှိဘူးလို့ ဦးထွန်းထွန်းအောင်က ထောက်ပြပြောဆိုပါတယ်။

https://www.facebook.com/166580710064489/posts/3734074299981761/

Leave a Reply

Your email address will not be published.