By Western News / January 22 /2021

Western News – ဝင်းသိန်းဇန်နဝါရီလ ၂၂ ရက်
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ အဝေးသင်ကျောင်းသူမနှင်းယုလိုင်၏ ဦးခေါင်းထဲ၌လက်နက်ကြီးစကျန်ရှိနေသဖြင့် ရန်ကုန်သို့ခွဲစိတ်ကုသရန်သွားရောက်ခဲ့သော်လည်း ကျန်ရှိနေသည့် လက်နက်ကြီးစအား အပြင်သို့မထုတ်နိုင်ခဲ့ဟု ဖခင်ဖြစ်သူ ဦးမောင်ဖြူသီးကပြောသည်။
မနှင်းယုလှိုင်မှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ရက်ပေါင်း ၄၆ ရက်ကြာဆေးကုသမှုခံယူခဲ့ပြီး ဆေးရုံမှဆင်းခွင့်ရရှိခဲ့သော်လည်း ဦးခေါင်းထဲတွင်ရှိနေသည့်လက်ကြီးစကို အပြင်သို့မထုတ်နိုင်ဘဲ ကျန်ရှိနေသေးသဖြင့် စကားပုံမှန်မပြောဆိုနိုင်သေးသလို လမ်းလည်းပုံမှန် မလျှောက်နိုင်သေးသဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်သို့ ခွဲစိတ်ကုသရန်သွားရောက်ခဲ့ခြင်းဖြစ်သည်။
မနှင်းယုလိုင်မှာ ရန်ကုန် မဟာမြိုင်ဆေးရုံတွင် တစ်လကြာဆေးကုသမှုခံယူခဲ့ပြီး သူမ၏ဦးခေါင်းထဲ၌ ကျန်ရှိနေသည့် လက်နက်ကြီးစကို အပြင်သို့ ထုတ်နိုင်ရန်အတွက် အချိန်နှစ်လကြာယူပြီးမှခွဲထုတ်နိုင်မည်ဖြစ်သဖြင့် ရန်ကုန်၌အချိန်အကြာကြီးနေထိုင်ရန်အတွက် ငွေကြေးမတတ်နိုင်သောကြောင့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စစ်တွေသို့ပြန်လာရခြင်းဖြစ်သည်ဟု ဦးမောင်ဖြူသီးကပြောသည်။
“ရန်ကုန်မှာဆေးကုသခဲ့တာက တစ်လကြာခဲ့တယ်။ ဒါပေမဲ့ လက်နက်ကြီးစကိုအပြင်ကိုမထုတ်နိုင်ခဲ့သေးပါ။ ရန်ကုန်ရောက်လို့ ပထမဆုံးဦးခေါင်းကိုဓာတ်မှန်ရိုက်တော့ လက်နက်ကြီးစမဟုတ်ဘဲ အရိုးခေါက်ဝင်သွားတယ် လို့ဆရာဝန်ကြီးကပြောတယ်။ မနက်မိုးလင်းလို့ CD ခွေထွက်လာတော့ အရိုးခေါက်ဝင်သွားတာ မဟုတ်ဘူး။ လက်နက်ကြီးစတွေဖြစ်နေတယ်။ ဆရာဝန်ကြီးကအဲဒါကို အခုချက်ချင်းခွဲထုတ်လို့မရဘူး။ ခွဲထုတ်ရင်အသက်အန္တရာယ်ရှိတယ်။ အချိန်အကြာကြီးယူပြီးမှခွဲထုတ်ရမယ်လို့ ဆရာဝန်ကြီး ကပြောလိုက်တယ်။ အချိန်နှစ်လချိန်းလိုက်တယ်”ဟု ပြောသည်။
မနှင်းယုလိုင်မှာ ရန်ကုန်၌တစ်လကြာဆေးကုသမှုခံယူခဲ့သဖြင့် နဂိုအနေအထားထက်ပို၍ စကားပြောဆိုလာနိုင်ပြီး ကျန်းမာရေးလည်းကောင်းမွန်သွားသည်ဟု ဦးမောင်ဖြူသီးကပြောသည်။
စစ်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိသူများနှင့် မနှင်းယုလှိုင်အား အမြဲကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးဖြစ်သည့် ဦးသန်းထွန်းကလည်း သူမ၏ ဦးခေါင်းတွင်ကျန်ရှိနေသည့်ကျည်စအား ရန်ကုန်ကိုပြန်လည်သွားရောက်ပြသနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိကြောင်းပြောသည်။
ပြီးခဲ့သည့်စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီကျော်အချိန်ခန့်တွင် ညောင်ကန်ကျေးရွာနှင့် ၇ မိုင်ခန့်ဝေးသည့် အမ်းမြို့နယ် သွေးချောင်းတောင်တန်းပေါ်တွင်ရှိသည့် တပ်မတော်အမြောက်စခန်းတစ်ခုမှ လက်နက်ကြီး များဖြင့် လှမ်းပစ်နေချိန် ညောင်ကန် ကျေးရွာအတွင်းသို့ လက်နက်ကြီးများကျရောက်ပေါက်ကွဲခဲ့ကာ မူလတန်းပြကျောင်း ဆရာမတစ်ဦးမပါဝင် ရွာသား ၄ ဦးသေဆုံးခဲ့ရပြီး၊ ၁၁ ဦးဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြသည်။
https://www.facebook.com/102405104899336/posts/216473463492499/