By Development Media Group / 2021 January 30
နှင်းနွယ်
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံခဲ့ရသည့် ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာမှ ကိုထွန်းမင်းစိုးမှာ အမှုဖွင့်ခံရပြီးနောက် ကျောက်ဖြူမြို့မရဲစခန်း၌ ထိန်းသိမ်းခံထားရစဉ် တပ်ပြေးဟုဆိုကာ တပ်မတော်မှပြန်ခေါ်ဆောင်သွားခဲ့ပြီး ၃ လနီးပါးကြာသည်အထိ အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။“သေပြီဆိုလည်းသေပြီ။ သက်ရှိထင်ရှားရှိသေးတယ်ဆိုလည်း ရှိသေးတယ်ဆိုတာမျိုးပေါ့။ အဲဒီလောက် ဆိုလည်းကျေနပ်ပြီ။ ပြီးတော့ သူကဒီအကြမ်းဖက်အမှုတွေနဲ့ ပတ်သက်တာလည်းမဟုတ်ဘူး။ အမှုဆိုလည်း တပ်ပြေးတစ်မှုဘဲရှိတာ’’ ဟု ကိုထွန်းမင်းစိုး၏ ဇနီး မစိုးနှင်းဝေက DMG သို့ပြောသည်။ကိုထွန်းမင်းစိုးသည် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ တပ်မတော် တပ်မ(၁၁)တွင် တာဝန်ထမ်းဆောင်ခဲ့ကာ မိမိနေရပ်သို့ပြန်ရောက်ပြီး လုပ်ကိုင်စားသောက်နေသည်မှာ ၂ နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။လက်ရှိတွင် ခင်ပွန်းဖမ်းဆီးခံထားရသည့်အတွက် လုပ်ကိုင်ရှာဖွေပေးမည့်သူမရှိသဖြင့် မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်နေသည်ဟု ဇနီးဖြစ်သူကဆိုသည်။ကိုထွန်းမင်းစိုး၏ဖခင် ဦးထွန်းယဉ်ဦးက “ကျနော်တို့ကတော့ သူ့ကိုတပ်ပြေးအဖြစ် ထောင်ဒဏ်ချမယ်ဆိုလည်း ချပစ်၊ လက်ခံတယ်။ တကယ်လို့ အကြမ်းဖက်မှာပါဝင်လို့ အကြမ်းဖက်နဲ့ထောင်ချမယ်ဆိုလည်း ချပစ်။ တရား ဥပဒေအတိုင်းပဲပေါ့။ ဒါပေမယ့် အခုတော့ဘယ်နေရာမှရှိမှန်းလည်းမသိရဘူး’’ ဟု ဆိုသည်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ် ရဲရင့်အောင်တို့အား DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။ကိုထွန်းမင်းစိုးအပါအဝင် ကုလားပုန်းကျေးရွာသား(၅)ဦးတို့အား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်းက တပ်မတော်စစ်ကြောင်းတစ်ခုမှ စစ်ဆေးစရာရှိသည်ဟုဆိုကာ နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောဆိုသည်။တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၉ ရက် နေ့ထုတ်ပြန်ချက်တွင်မူ ၎င်းတို့ ၅ ဦးမှာ ရမ်းဗြဲမြို့၊ တန်းဇင်းမြစ်အတွင်းသွားလာနေသည့် တပ်မတော်စစ်ရေယာဉ်များအား နှောင့်ယှက်ပစ်ခတ် မှုတွင်ပါဝင်ခဲ့သော AA အကြမ်းဖက်သောင်းကျန်းသူများထဲတွင်ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။ယင်းနောက် အဆိုပါရွာသား ၅ ဦးထဲမှ ကိုထွန်းမင်းစိုးအပါအဝင် ၄ ဦးအား ကျောက်ဖြူမြို့မရဲစခန်းသို့ အပ်နှံကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)(ည)၊ ၅၂(က)ဖြင့် ရမ်းဗြဲမြို့မရဲစခန်း၌ အမှုဖွင့် ခဲ့ခြင်းဖြစ်သည်။
https://www.facebook.com/466648543487562/posts/1932913773527691/