အမ်းမြို့နယ်အမှတ် (၉၁၉) တပ်ရင်းမှ လက်နက်ကြီးသံများကြားရ၍ ဒေသခံများ စိုးရိမ်

By Narinjara/ 2021 January 8

ဆောင်းဇာခြည်

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်နေချိန် အမ်းမြို့နယ်ရှိ အမှတ် (၉၁၉)တပ်ရင်းဘက်မှ လက်နက်ကြီးအသံများ ကြားရ၍ ဒေသခံများ စိုးရိမ်လျက်ရှိကြကြောင်း သတင်းရရှိသည်။ယနေ့ ဇန်နဝါရီ ၈ ရက်နေ့ နံနက် ၈ နာရီခန့်မှ မွန်းတည့် ၁၂ နာရီကျော်အထိ လက်နက်ကြီးအသံများ ကြားရပြီး ယင်းလက်နက်ကြီးအသံနှင့်အတူ မြေတုန်ခါမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း အမ်းမြို့ အမှတ် (၁) ရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ကြားရတာက ကျွန်တော်တို့ မြို့ပေါ်ကတောင် ကြားရပါတယ်။ အဲဒီ ၉၁၉ ဘက်က လက်နက်ကြီးသံကြောင့် မြေတုန်ခါမှုတောင်ဖြစ်ပါတယ်။ အိမ်တွေလည်း လှုပ်သွားတယ်။ မိုင်းပေါက်သံလိုလို၊ လက်နက်ကြီး ပစ်သံ လိုလိုပေါ့နော်။ ကျွန်တော်တို့ကတော့ ဘာဖြစ်မှန်းမသိဘူး။ ပေါက်သံကတော့ ခြောက်ချက် ခုနှစ် ချက်လောက် ကြားလိုက်ပါတယ်။ တိုက်ပွဲရပ်စဲထားတဲ့ကာလဆိုတော့ ဒီက ဒေသခံတွေလည်း ဘာဖြစ်မှန်းမသိဘူး၊ တစ်ခုခု ထပ်ဖြစ်မှာ စိုးရိမ်နေကြတယ်” ဟု နိရဥ္စရာသို့ ပြောသည်။အဆိုပါ ၉၁၉ တပ်ရင်းမှာ အမ်းမြို့ရှိ အရှေ့မြောက်ဘက် ၁ မိုင်နီးပါးခန့်တွင် တည်ရှိကြောင်း အမ်းမြို့မှ လူမှုရေး လှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။“ပဲပဒုံရွာက အိမ်တွေဆိုရင် လှုပ်ရမ်းသွားတယ်။ ပဲပဒုံရွာနဲ့ အဲဒီတပ်ရင်းနဲ့က နီးနီးလေးပဲ။ အခုက အပစ်အခတ် ရပ်စဲထားတဲ့ ကာလဆိုတော့ ဒေသခံတွေက တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုပြီး ကြောက်နေကြတာတွေလည်း ရှိတယ်။ လက်နက်ကြီးလား မိုင်းပေါက်တာလားတော့ မသိဘူး။ အဲဒီ ၉၁၉ တပ်ရင်းအထဲကပဲ ပေါက်တာပါ။ နေ့လယ် ၁၂ နာရီကျော်ကစပြီး မကြားရတော့ဘူး” ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။ယင်းကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ၄င်းမှာ ခရီးလွန်နေ၍ ထိုကိစ္စအား မသိသေးကြောင်း ပြောသည်။အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်အား ယနေ့ ညနေ ၅ နာရီ ၁ဝ မိနစ်က ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။ အမ်းမြို့မရဲစခန်းကို ဆက်သွယ်ရာတွင် ဖုန်းကိုင်သော်လည်း တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိပါ။၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်နေ့ကစပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲများ ရပ်တန့်နေပြီး ယခုကဲ့သို့ အေးချမ်းနေသည့်ကာလအတွင်း လက်နက်ကြီးသံများကြားရခြင်းမှာ အမ်းမြို့နယ်၌ ပထမဆုံး အကြိမ်ဖြစ်ကြောင်းလည်း ဒေသခံများပြောပြချက်အရ သိရသည်။

https://www.facebook.com/151742128171206/posts/3941670012511713/

Leave a Reply

Your email address will not be published.