အစိုးရ၏ ဖြည့်စွက်ရန်ပုံငွေ လျာထားမှု ဝန်ကြီးချုပ် ဦးညီပု၏ ဇာတိ ဂွမြို့နယ် အများဆုံးဖြစ်နေခြင်းအပေါ် လွှတ်တော်အမတ်များ မေးခွန်းထုတ်

By Western News/ 2021 January 20

ခိုင်ဇော်ထွန်း

ရခိုင်ပြည်နယ်အစိုးရ၏ ဖြည့်စွက်ရန်ပုံငွေလျာထားမှုတွင် တစ်ခြားသောမြို့နယ်များထက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ရွေးကောက်တင်မြှောက်ခံရသည့် ဂွမြို့နယ်အများဆုံးဖြစ်ကြောင်း သိရသည်။အဆိုပါ လျာထားသည့် RE ဖြည့်စွက်ရန်ပုံငွေလျာထားသည့် စာရင်းတွင် တစ်ခြားမြို့နယ်များထက် သာလွန်ပြီး ဂွမြို့နယ်မှာ ငွေကျပ် ၅၂၇.၉၃၀ သန်းထိရရှိကာ ဖွံ့ဖြိုးမှုအားနည်းပြီး စစ်ဘေးဒုက္ခခံစားနေရသည့် ရသေ့တောင် မြို့နယ်မှာ ရန်ပုံငွေ၌ ပါဝင်မှုမရှိ ကြောင်းလည်းသိရသည်။“ဂွမြို့နယ်က တစ်ခြားမြို့နယ်တွေထက် ရန်ပုံငွေပိုရတယ်ဆိုတာက ဝန်ကြီးချုပ်ရှိတဲ့မြို့ဖြစ်နေလို့ပိုရတာ။ ကျွန်တော်တို့ ရသေ့တောင်မြို့နယ်ကတော့ အစဉ်အဆက်ဝန်ကြီးမဖြစ်ဖူးဘူး။ ဒါကြောင့် ဘတ်ဂျက်ခွဲ‌ဝေတဲ့အခါ အမြဲတမ်းအနှိမ်ခံခဲ့ရတယ်” ဟု ရသေ့တောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောသည်။ယင်းအပြင် ဘတ်ဂျတ်ခွဲဝေမှုများနှင့် ပတ်သက်ပြီး မေးခွန်း၊ အဆိုများကို လွှတ်တော်၌ တင်ပြမှုများရှိခဲ့ သော်လည်း တစ်ခြားသောမြို့နယ်များထက် ဘတ်ဂျတ်ကျော်လွန်၍ မရှိခဲ့ဘူးကြောင်း၊ ရသေ့တောင်မြို့နယ် တွင် နေထိုင်သူများမှာ အခွန်ဆောင်သည့် ပြည်သူများဖြစ်သည့်အတွက် ဘတ်ဂျတ်ခွဲဝေသည့်အခါ အခွန် ကောက်ခံမှုနှင့် ခွဲဝေရသည့် ဘတ်ဂျတ်ဖြစ်သည့်အတွက် အခွန်ခွဲဝေသည့်အခါ ညီညီမျှမျှဖြစ်စေလိုကြောင်း လည်း ဦးသန်းနိုင်ကဆိုသည်။လက်ရှိ ဘတ်ဂျတ်ခွဲဝေမှုသည် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးမှာ မြို့နယ်အလိုက်ရန်ပုံ ငွေခွဲ‌‌‌‌‌ဝေချထားမှုတွင် စစ်တွေမြို့နယ် ၆၂.၄၀၀ သန်း၊ ပုဏ္ဏားကျွန်းမြို့နယ် ၉.၉၈၀ သန်း၊ ပေါက်တောမြို့နယ် ၇.၅၀၀ သန်း၊ မြောက်ဦးမြို့နယ် ၁၉.၉၅၀ သန်း၊ ကျောက်တော် မြို့နယ် ၂၃.၃၉၀ သန်း၊ မင်းပြားမြို့နယ် ၃၂.၀၀၀ သန်း၊ မြေပုံမြို့နယ် ၄၄.၀၀၀ သန်း၊ မောင်တောမြို့နယ် ၁၉.၄၀၀ သန်း၊ ဘူးသီးတောင်မြို့နယ် ၃၇.၀၀၀ သန်း၊ ကျောက်ဖြူမြို့နယ် ၁၃၅.၀၄၀ သန်း၊ ရမ်းဗြဲမြို့နယ် ၅၉.၄၀၀ သန်း၊ မာန်အောင်မြို့နယ် ၁၀.၅၀၀ သန်း၊ အမ်းမြို့နယ် ၂၅.၀၀၀ သန်း၊ သံတွဲမြို့နယ် ၁၇၅.၈၃၀ သန်း၊ တောင်ကုတ်မြို့နယ် ၁၃၀.၈၃၀ သန်း၊ ဂွမြို့နယ်တွင် ၅၂၇.၉၃၀ သန်းထိရရှိခဲ့ပြီး ရသေ့တောင်မြို့နယ်မှာ ဘတ်ဂျတ်အတွင်းပါဝင်မှုမရှိပေ။ရသေ့တောင်မြို့နယ်သည် BE ဘတ်ဂျက်(မူလရန်ပုံငွေ)တွင်ပါဝင်ပြီး RE ဘတ်ဂျက်(ဖြည့်စွက်ရန်ပုံငွေ)၌ ပါဝင်ခြင်းမရှိခြင်းလည်း ဖြစ်သည်။ယခုလို ဖြည့်စွက်ရန်ပုံငွေဘတ်ဂျတ် လျာထားမှုမှာ ၂၀၁၄ သန်းခေါင်းစာရင်းအရ၊ လူဦးရေ ၄၀၀၀၀ ကျော်သာရှိသော ဂွမြို့နယ်မှာ မြို့နယ်အလိုက် ရန်ပုံငွေခွဲဝေမှုအားလုံး၏ ၄၀.၀၁ ရာနှုန်းရရှိနေခြင်းမှာ မိမိတို့ သဘောဆန္ဒအတိုင်းခွဲဝေချထားခြင်းသာ ဖြစ်ပြီး ဘတ်ဂျက်စည်းမျဉ်းကို ဥပေက္ခာပြု၍ ချပေးထားခြင်းလားဟု မေးခွန်းထုတ်ပြောဆိုသည်။“ဒီလျာထားချက်နဲ့ပတ်သတ်ပြီးတော့ မညီမျှမှုတွေ၊ ကိုယ့်ဆန္ဒတစ်ခုတည်းနဲ့ချပေးထားတောတွေ၊ နောက်ပြီးတော့ မြို့နယ်အလိုက် လူဦးရေ၊ ဧရိယာအကျယ်အဝန်း ဒီဟာတွေအပေါ်မှာ ဘတ်ဂျက်ရဲ့သဘော သဘာဝအရ အခြေခံပြီးချပေးထားတာမဟုတ်ဘဲ မိမိတို့၏ စိတ်ဆန္ဒအရချပေးထားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဥပမာ လုပ်ငန်းသစ် ၅၀ လောက်ရှိတယ်ဆိုရင်လည်းဘဲ အမှန်တကယ်က သူတို့အနေနဲ့ ဖက်စပ်လုပ်ငန်း မပြီးစီးခဲ့တဲ့လုပ်ငန်းကိုသာ လုပ်ရမည့်ကိစ္စဖြစ်တယ်။ အခုက လုပ်ငန်းသစ်သတ်သတ်ချည်း ၅၀ တောင်းခံထားတာကိုတွေ့ရတယ်။ နောက်တစ်ခုက မြို့နယ်အလိုက် ဘတ်ဂျက်ခွဲ‌ဝေလျာထားမှုများအားလုံးရဲ့ ၄၀.၀၁ ရာခိုင်နှုန်းကို ဂွမြို့နယ်ကိုချပေးထားတာတွ့ရတယ်။ ဂွမြို့နယ်ဟာ ဧရိယာအားဖြင့်လည်း ကျဉ်းတယ်။ လူဦးရေအားဖြင့်လည်း တစ်ခြားမြို့နယ်တွေ ထက်နည်းတယ်။ ဒါကြောင့် ဒီဂွမြို့နယ်ကို ငွေအများခွဲ‌ဝေချပေးထားခြင်းဟာ မိမိတို့ရဲ့ ဆန္ဒသဘောထားအတိုင်း ခွဲ‌ဝေချပေးထားခြင်းလား ဒါမှမဟုတ် ဘတ်ဂျက်စည်းမျဉ်းကို ဥပေက္ခာပြုပြီးချပေးထားတာလားဆိုပြီးပြောချင်တယ်”ဟု ဦးထွန်းသာစိန်ကပြောသည်။ယခုကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ဖုန်းဆက်သွယ်ခဲ့ရာတွင် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကိုဆက်သွယ်ဖို့ပြောဆိုခဲ့သည်။ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကိုဆက်သွယ်ခဲ့သော်လည်းမရရှိခဲ့ပါ။ ယင်းအပြင် ၂၀၁၉-၂၀၂၀ ပြည်နယ်ဘတ်ဂျက်ကို ရခိုင်ပြည်နယ်အစိုးရမှ ခွဲ‌ဝေချထားခဲ့ရာတွင်လည်း ရမ်းဗြဲ၊ ဂွ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲမြို့နယ်များမှာ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်များထက် ဘတ်ဂျက်ပိုမိုရရှိခဲ့သည်။

Western News- WN

https://www.facebook.com/102405104899336/posts/215287700277742/

Leave a Reply

Your email address will not be published.