ဟိုတယ် ၁၀၀၀ ခန့် ယာယီပိတ်၊ ဝန်ထမ်း ၃ သောင်းခန့် အလုပ်လက်မဲ့ဖြစ်

By Irrawaddy/ 2021 January 14

By အောင်သီဟ

ကမာ္ဘ့ကပ်ရောဂါ ကိုဗစ် ၁၉ ၏ စီးပွားရေးအပေါ် ရိုတ်ခတ် သက်ရောက်ကြောင့် မြန်မာနိုင်ငံတဝှန်းရှိ ဟိုတယ်လုပ်ငန်း ထက်ဝက်ခန့်၏ အရေအတွက်ဖြစ်သော ဟိုတယ်အလုံး ၁၀၀၀ ခန့်သည် ယာယီ ပိတ်သိမ်းထားရကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံက သိရသည်။

ကိုဗစ်ကာလ မတိုင်မီကာလက မြန်မာတနိုင်ငံလုံးရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း၂၀၀၀ ကျော်ရှိပြီး ဝန်ထမ်းအင် အားသည် ၆၄၀၇၆ ဦး ရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ စီးပွားရေး ကျဆင်းမှုကြောင့် ဝန် ထမ်းအင်အားမှာ ၃၆၇၃၀ ဦးသာ ရှိတော့ပြီး ဝန်ထမ်း၂၇၃၄၆ ဦး အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ https://tags.irrawaddy.com/www/delivery/afr.php?zoneid=61&cb=INSERT_RANDOM_NUMBER_HERE

ရန်ကုန်မြို့ရှိ အထင်ကရ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးတခုဖြစ်သော ဆူးလေ ရှန်ဂရီလာ ဟိုတယ်သည်လည်း စီးပွား ရေး ကျဆင်းမှုနှင့် ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန်အတွက် လာမည့် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ကာ၂၀၂၁ ခုနှစ် နှစ်ကုန်အထိ ၉ လခန့် ယာယီပိတ်ထားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏ အထင်ကရ ခရီးစဉ်နေရာတခု ဖြစ်သည့် ယူနက်စကို အသိအမှတ်ပြု ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသရှိ ဟိုတယ်လုပ်ငန်း သုံးပုံ ၂ ပုံခန့်သည်လည်း လုပ်ငန်း ဆက်လက် ရပ်တည်ရန် အခက်အခဲ ရှိလာနေခြင်းကြောင့် လုပ်ငန်း ပိတ်သိမ်းပြီး ပြန်လည် ရောင်းချရန် စီစဉ်နေသည်။

ပုဂံဒေသတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ လိုင်စင်ယူကာ လုပ်ငန်းလုပ်ကိုင်နေသော ဟိုတယ်ပေါင်း ၁၅၀ မှ၂၀၀ ဝန်းကျင် အထိ ရှိသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ဒု ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က “စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ အတွက် တွက်ခြေကိုက်ရင် လုပ်မယ်။ တွက်ခြေ မကိုက်ရင် မလုပ်ဘူးပေါ့။ ဒါကတော့ ရှင်းပါတယ်။ ဝန်ကြီးဌာနအပိုင်းက တော့ ပြိုလဲမသွားအောင်တော့ ကျားကန်ပေးဖို့ ကြိုးစားနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေ ကြောင်းလိုင်းများ ပြန်လည် ခွင့်ပြုလာခဲ့ပါက ဟိုတယ်များ၌ တည်းခိုခြင်းနှင့် Quarantine အစီအစဉ်များကို ကျန်းမာရေး စည်းကမ်း သတ်မှတ်ချက်များအညီ ဝန်ဆောင်မှုပေးနိုင်ရန် ယခုကတည်းက ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်း က ဆိုသည်။

ဦးအောင်အေးဟန်က “ကိုဗစ်နဲ့ အတူယှဉ်တွဲနေထိုင်ခြင်း New Normal နဲ့ လိုက်ပါနိုင်ခြင်း မရှိဘူးဆိုရင်တော့ ဒီလိုပဲ ရပ် တန့်သွားမယ့် အနေအထားတော့ ရှိတယ်။ ရောဂါကြီးပျောက်မှ ပြန်ဖွင့်မယ်ဆိုရင်တော့ ပိတ်လိုက်ရမယ့် အနေ အထားဖြစ် သွားမှာပေါ့” ဟု ပြောဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများသည် မြန်မာနိုင်ငံ၌ ကိုဗစ် ရောဂါ ပိုးမတွေ့ရှိခင်ကစကာ တရုတ်နိုင်ငံနှင့် နိုင်ငံတချို့တွင် ရောဂါပိုး ပျံ့နှံခဲ့သည့်၂၀၂၀ နှစ်စပိုင်းကစတင်ပြီး ခရီးသွားဝင်ရောက်မှု လျော့ကျသွားခြင်းကြောင့် စီးပွားရေးကျဆင်းမှုကို ဒဏ် ဦးစွာခံခဲ့ရသည့် လုပ်ငန်းကဏ္ဍလည်း ဖြစ်သည်။

ဟိုတယ်လုပ်ငန်းများ၏ သဘောသဘာဝအရ ခရီးသွား ဝင်ရောက်မှု မရှိ၍ ဝင်ငွေမရှိသည့်တိုင် ဝန်ထမ်းစရိတ်၊ မြေနေရာ ငှားရမ်းခ၊ လုပ်ငန်းဆိုင်ရာအခွန်အခများ အပြင် ဟိုတယ်ကို ပြင်ဆင်ထိန်းသိမ်းရသည့် ကုန်ကျစရိတ် အများအပြား ရှိ သည်။

ကိုဗစ် ၁၉ ကြောင့် စီးပွားရေး ကျဆင်းပြီး လုပ်ငန်းရပ်နားထားရသည်မှာ အချိန်ကာလ ၁ နှစ်နီးပါး ကြာမြင့်လာသည့်အပြင် နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်လာနိုင်မှုသည်၂၀၂၁ နှစ်ကုန်မှသာ ပြန်လည်စတင်လာနိုင်ဟု ခန့်မှန်းတွက်ချက်ထား မှုများ ရှိခြင်းကြောင်း ဟိုတယ်လုပ်ငန်း အများအပြားက ထို ဝန်ထုပ်ဝန်ပိုးများကို ထပ်မံ မတောင့်ခံနိုင်တော့ဘဲ ယာယီပိတ် သိမ်းမှုများ လုပ်ဆောင်လာခြင်း ဖြစ်သည်။

ဟိုတယ် လုပ်ငန်းရှင်များ အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးတင်မြင့်က “ရန်ကုန်က ဟိုတယ်လုပ်ငန်း အများဆုံး ၃၀ ရာခိုင်နှုန်း လောက်ကတော့ ရပ်ထားနေရပြီ။ ဖွင့်ထားတဲ့ ဟိုတယ်တွေကလည်း ဝင်ငွေရှိလို့ မဟုတ်ဘူး။ ဟိုတယ်ပိတ်လိုက်လို့ရှိရင် ဟိုတယ်ကို မသုံးဘဲထားရင် ပျက်စီးမှာတွေ ရှိတယ်။ ပိတ်ပြီးမှ ပြန်ဖွင့်မယ်ဆိုရင် ပျက်စီး ယိုယွင်းမယ့်ဟာတွေ ရှိတယ်။ အဲဒါကြောင့် တချို့ကလည်း လုပ်ငန်းဆက်လည် နေရတာပေါ့” ဟု ပြောသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့်လည်း ဟိုတယ်လုပ်ငန်းများကို ကျန်းမာရေးစံ သတ်မှတ်ချက်များနှင့် အညီ ပြန်ဖွင့်ပေးရန် မကြာခင် ထုတ်ပြန်ရန်ရှိနေပြီး ထိုညွှန်ကြားချက်များ ထွက်ရှိလာပါက ဟိုတယ်လုပ်ငန်းများ အနေဖြင့် ပြန်လည် စတင်နိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

ဦးတင်မြင့်က “အခြား လုပ်ငန်းကဏ္ဍတွေကတော့ ဝုန်းကနဲ ၄၊ ၅ ၊ ၆ လအတွင်းမှာ ပုံမှန်ပြန်ဖြစ်သွားနိုင်ပေမယ့် ကျနော်တို့ ဟိုတယ်လုပ်ငန်းတွေကတော့ ဘယ်လိုမှ ပြန်မဖြစ်နိုင်ဘူး။ အစိုးရက ပြည်တွင်းခရီးသွားတွေက လေးငါးလလောက်မှာ ပြန်သွားခွင့်ပေးလိုက်မယ် ဆိုရင်တော့ ပြည်တွင်း ခရီးသွားတွေကို လက်ခံတဲ့ ဟိုတယ်လုပ်ငန်းတွေအတွက် အထိုက် အလျှောက် အဆင်ပြေသွားနိုင်တယ်။ သို့သော်လည်း နိုင်ငံခြားခရီးသွားတွေကိုပဲ လက်ခံတဲ့ ဟိုတယ်တွေကတော့ ၆လ ၁ နှစ်နဲ့ ဘယ်လိုမှ ပုံမှန်ပြန်မဖြစ်နိုင်ဘူး” ဟု ပြောဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများသို့ ကိုဗစ် ၁၉ မဖြစ်မီကာလ၂၀၁၉ ခုနှစ်တွင် ခရီးသွား ဧည့်သည် ဝင်ရောက်မှုသည် ၈ သန်း နီးပါး အထိရှိခဲ့ပြီး၂၀၂၀ ခုနှစ်တွင် ၃ သန်းကျော်သာ ဝင်ရောက်မှုရှိခဲ့ခြင်းကြောင့် ယခင်ကထက် ၅ သန်းခန့် လျော့နည်းကျဆင်းသွားခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စစ်တမ်းအရ သိရသည်။

ထို့ကြောင့် ဟိုတယ်လုပ်ငန်းများ၏ ဝင်ငွေသည်လည်း ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၇၆ သန်းကျော်ရှိခဲ့ရာမှ ၂၀၂၀ (ဒီဇင်ဘာလအထိ) တွင် ကိုဗစ် ၁၉ ရိုက်ခတ်မှုကြောင့် အမေရိကန်ဒေါ်လာ ၁၃၀ သန်းကျော်အထိ ကျဆင်းခဲ့ခြင်း ကြောင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် လျော့ကျသွားခဲ့ရသည်။

https://www.facebook.com/121507374560090/posts/4116232608420860/

Leave a Reply

Your email address will not be published.