သံဇစ်မြစ်ကိုတပ်မတော်(ရေ) မှ အသွားအလာကန့်သတ်ထားသည်မှာ၂ လကြာရှိနေပြီဖြစ်သဖြင့် ကျောက်ဖြူမြို့ နယ်မှ ရေလုပ်သား ၁၀၀၀ ကျော်စားဝတ်နေရေးအခက်ကြုံနေရ

By Westem News / January / 12 / 2021

Western News – အောင်စိုး
ဇန်နဝါရီ ၁၂ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ သံဇစ်မြစ်ကြောင်းတစ်လျောက်ကို မြန်မာ့တပ်မတော်(ရေ)မှနေရာယူ ထားပြီး အသွားအလာ ကန့်သတ်ထားသဖြင့် ဒေသခံရေလုပ်သား ၁၀၀၀ ကျော်မှာစားဝတ် နေရေးအခက် အခဲဖြစ် နေကြရသည်ဟု ဒေသခံရေလုပ်များက ဆိုသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်ရှိ၊ ကုလားပုန်းကျွန်း၊ ကျွန်းတောင်ပိုက်ဆိပ်၌ အလုပ်လုပ် ကိုင်နေကြသည့် ရေလုပ်သား ၅၃ ဦးကိုတပ်မတော်မှဖမ်းဆီးခဲ့ပြီးနောက် ယင်းဒေသရှိရေလုပ်သားများမှာ မိမိတို့ အန္တရာယ်တစ်ခုခုဖြစ်မည်ကို စိုးရိမ်ကြောက်လန့်နေကြသဖြင့် ငါးဖမ်းပိုက်များမချရဲသည်မှာ ၂ လကျော်ကြာ ရှိနေပြီဖြစ်သည်ဟု စနဲမြို့ရွှေဟင်္သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်အောင်ကပြောသည်။

“ ကျွန်တော်တို့ရပ်ကွက်မှာကအဓိကရေလုပ်ငန်းကိုလုပ်ကိုင်စားသောက်နေကြရတာ။ သံဇစ်မြစ်ကိုအမှီပြုလို့ စားသောက်နေကြတာ။ တပ်မတော်ကဒါကိုနေရာယူထားတယ်။ သွားလာခွင့်ရေးကန့်သတ်ထားတယ်။ ပြီးတော့ တပ်မတော်ကဖမ်းဆီးတဲ့ဖြစ်ရပ်ရှိခဲ့တဲ့အတွက် ရေလုပ်သားတွေလည်းမသွားရဲဖြစ်နေကြတယ်။ အခုတော့ ရေလုပ်သားတွေ စားဝတ်နေရေးအရမ်းကြပ်တည်းနေကြရတယ်”ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ရွှေဟင်္သာရပ်ကွက်တွင်ရေလုပ်သား ၁၀၀၀ ကျော်ရှိပြီ၎င်းတို့မှာအဓိကသံဇစ်မြစ်ကို အမှီပြု၍ ရေလုပ်ငန်းကို လုပ်ကိုင်စားသောက်နေကြရသူများဖြစ်သဖြင့် မြစ်ကြောင်းတစ်လျောက် နေရာယူထား သောဗျုဟာ (၃) တပ်မတော် (ရေ) အနေဖြင့် ၎င်းနေရာမှအမြန်ဆုံးဖယ်ရှားပေးစေလိုကြောင်း အုပ်ချုပ်ရေးမှူး ကပြောသည်။

ယင်းအပြင် သံဇစ်မြစ်ကို ဗျုဟာ (၃) တပ်မတော်(ရေ)မှ ၂ လကျော်ကြာအသွားအလာကန့်သတ်ထားသဖြင့် ကိုင်းချောင်းကျေးရွာရှိ ရေလုပ်သား ၅၀ ကျော်မှာလည်းကြောက်လန့်ကာ မိမိတို့၏ ငါးဖမ်းပိုက်ချသည့် လုပ်ငန်းကို ရပ်တန့်ထားရသည်ဟု ကိုင်းချောင်း အုပ်ချုပ်ရေးမှူးကပြောသည်။

“ရွာမှာကရေလုပ်သား ငါးဆယ်ကျော်ရှိတယ်။ မြစ်တစ်လျောက်ကိုတပ်မတော်သားတွေကနေရာယူထားလို့ သူတို့ကငါးဖမ်းပိုက်ချဖို့ မသွားရဲကြတော့ဘူး။ တပ်မတော်ကနေရာယူထားတာနှစ်လရှိပြီ။ အခုချိန်ထိ မဖယ်ရှားပေးသေးဘူး”ဟု ပြောသည်။

လက်ရှိအချိန်၌ ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲထားသည်မှာနှစ်လနီးပါးရှိနေပြီဖြစ်သဖြင့် တပ်မတော် အနေဖြင့် သံဇစ်မြစ်အတွင်း နေရာယူထားမှုကို ဖယ်ရှားပေးစေလိုကြောင်း ဒေသခံရေလုပ်သား များကတောင်း ဆိုနေကြသည်။

စနဲမြို့ ရွှေဟင်္သာရပ်ကွက်မှ အမည်မဖော်လိုသည့်ရေလုပ်သားတစ်ဦးက“တပ်မတော်ရေတပ်ကလည်း မြစ်ထဲမှာ နေရာယူထားတယ်။ အသွားအလာလည်းပိတ်ထားတယ်။ ဘယ်သူ့ မှမြစ်ထဲကိုပိုက်ချဖို့မသွားရဲကြတော့ဘူး။ ပိုက်မချရတာက အခုဆိုရင်နှစ်လကျော်ရှိပြီ။ ကျွန်တော် တို့မှာက ပိုက်ချလို့ အသက်မွေးနေရတာ။ ပိုက်မချရဘူးဆိုရင် စားဝတ်နေရေးအခက်အခဲဖြစ်နေတယ် ”ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က သံဇစ်မြစ်အတွင်းတပ်မတော်အနေဖြင့် နေရာယူထားသဖြင့် ဒေသခံရေလုပ်သားများမှာ မိမိတို့ရေလုပ် ငန်းကိုမလုပ်ရဲဖြစ် နေသည်မှာဟုတ်မှန်ကြောင်း ၊တပ်မတော်(ရေ)က၎င်းမြစ်ကြောင်း တစ်လျောက်နေရာယူ ထားသည်မှာ နယ်မြေစိုးမိုးရေး အတွက်ပြုလုပ်နေခြင်း သာဖြစ်နိုင်ကြောင်း ပြောသည်။

သံဇစ်မြစ်ကြောင်းတစ်လျောက်ကို တပ်မတော်(ရေ)မှနေရာယူထားပြီး အသွားအလာကန့်သတ်ထားသည်ဟု ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ တပ်မတော်၏ တုန့်ပြန်ချက်ကိုရယူရန် တပ်တော်သတင်း မှန်ပြန်ကြားရေး အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို Western News မှဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပါ။

ပြီးခဲ့သည့် ၂၀၂ဝပြည့်နှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရွှေဟင်္သာရပ်ကွက်၊ ကိုင်းချောင်းကျေးရွာနှင့် ရမ်းဗြဲမြို့နယ် ၊မြို့ချွိန်ကျေးရွာမှ ကလေးများ၊ အမျိုးသမီးများအပါအဝင် ရေလုပ်သား ၅၃ ဦးကိုတပ်မတော် စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးသွားပြီး ၆ ရက်အကြာတွင်ပြန်လွှတ်ပေးလိုက်သော်လည်း ၃ ဦးကိုထပ်မံဖမ်းဆီး ထားကာ နိုဝင်ဘာလ ၉ ရက်နေ့တွင် ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။

https://www.facebook.com/102405104899336/posts/210393704100475/

Leave a Reply

Your email address will not be published.