လူ့ခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီ စာတမ်းပါဗီနိုင်းစိုက်ထူမှုကြောင့် ငပလီမြို့မှ ပြည်သူတစ်ဦးခေါ်ယူစစ်ဆေးခံရ

By Western News/ 2021 January 9

ခိုင်ဇော်ထွန်း

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီ စာတမ်းပါဗီနိုင်းစိုက်ထူထားမှုကြောင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ မှပြည်သူတစ်ဦးကို ဇန်နဝါရီလ ၈ ရက်နေ့က သံတွဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ခေါ်ယူစစ်ဆေးခဲ့ကြောင်းသိရှိရသည်။လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့် တောင်သူလယ်သမားများနှင့် ဆင်းရဲနွမ်းပါးသူများကို ဥပဒေကြောင်း အရလိုက်ပါကူညီဆောင်ရွက်ပေးသည့် ကော်မတီ ဆိုင်းဘုတ်ထောင်သည့်အတွက် ငပလီမြို့ ၊ ဂျိတ္တောရပ်ကွက်၊ အကွက်(၂)ရပ်ကွက်မှ ဦးကျော်စိုး(ခ)ဦးမောင်ညိုကို မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုးပြီး စာဖြင့်ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကာ စစ်ဆေးရာတွင် ဗီနိုင်းထောင်ခိုင်းသူနှင့် ကော်မတီ၏လုပ်ဆောင်ချက်အခြေအနေများကိုမေးမြန်းခဲ့ကြောင်း ဦးမောင်ညိုက Western News ကိုပြောသည်။“သူတို့ ကျွန်တော့်ကို မေးတာကတော့ ဒီဆိုင်းဘုတ်ကို ဘယ်သူထောင်ပေးတာလဲပေါ့။ ပြီးတော့ ဘာတွေလုပ်ဆောင်နေလဲပေါ့။ အဓိကအဲဒါကိုမေးတယ်။ ကျွန်တော်တို့ကတော့ တောင်သူတွေ၊ ဆင်းရဲနွမ်းပါးတဲ့ သူတွေအခက်အခဲဖြစ်ရင် ဉပဒေအရ ကူညီပေးတယ်။ ပြီးတော့ သူတို့ နောက်တစ်ခုမေးတာက အကိုတို့ ဒီဖွဲ့စည်းတာ မှတ်ပုံတင်ရှိလား ဆိုပြီးမေးတာရှိတယ်။ အကိုတို့ အဖွဲ့ သွားလာလှုပ်ရှားတဲ့အခါ ဘယ်သူ့ကို အကြောင်းကြားလဲဆိုပြီးတော့မေးတယ်။ ကျွန်တော်တို့ ကော်မတီရဲ့နာမည်အပြည့်အစုံကတော့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီနှင့် ပြည်ထောင်စုတိုင်းရင်းသားတောင်သူ လယ်သမားသမဂ္ဂပါပဲ ”ဟုပြောသည်။၄င်းနှင့်အတူ သံတွဲခရိုင် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာစုံစမ်းဖော်ထုတ် ရေးကော်မတီနှင့်ပြည်ထောင်စု တိုင်းရင်းသားတောင်သူလယ် သမားသမဂ္ဂဥက္ကဌ ဦးညီလေးအား ဆက်လက်စစ်ဆေးမေးမြန်းရန်အတွက် သံတွဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ မြို့နယ်ရဲမှူးအား တာဝန်ပေးအပ်ထားပြီး ယနေ့ နံနက် ၁၀ နာရီတွင် ရဲစခန်းသို့လာရောက်ရန် မြို့နယ်ရဲမှူးမှ အကြောင်းကြားထားကြောင်းလည်း ဦးမောင်ညိုကပြောဆိုသည်။ယခုလို ခေါ်ယူစစ်ဆေးခံရမှုနှင့် ပတ်သက်ပြီး သံတွဲခရိုင်တောင်သူလယ်သမား သမဂ္ဂဥက္ကဌ ဦးညီလေးက ယခုလိုပြောသည်။“ဒီကော်မတီရဲ့ ရည်ရွယ်ချက်ကတော့ တောင်သူလယ်မားတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို ဉပဒေကြောင်းအရ ကူညီဆောင်ရွက်ဖို့အတွက်ပါပဲ။ ဒီကော်မတီကို ၂၀၀၀ ပြည့်နှစ်လောက်က ဒေးဗစ်လှမြင့်တို့ နော်အုံးလှတို့က ဦးဆောင်ပြီး ရန်ကုန်မှဖွဲ့စည်းခဲ့တာဖြစ်တယ်။ ဆိုတော့ ၂၀၁၇ ခုနှစ်လောက်က ရခိုင်ကို သူတို့ရောက် လာပြီးကော်မတီ အဖြစ်ဖွဲ့ထားခဲ့တယ်။ အခုဆိုရင် ကော်မတီအင်အားကလည်း ၄၀၀ ကျော်ရှိတယ်။ အထက်ကပြောခဲ့သလို ကျွန်တော်တို့က ဦပဒေကြောင်းအရ ကူညီပေးတယ်။ ဒီတော့ ဒီဆိုင်းပုဒ်က အခုမှစိုက်ထူထားတာမဟုတ်ဘူး။ ၂၀၁၇ ကတည်းကစိုက်ထူထားတာ။ ဒီတော့ ဆိုင်းပုဒ်စိုက်ထူတုန်းက မပြောဘဲ အခုမှ လာပြောတယ်ဆိုတာက မကောင်းဘူးပေါ့။ ရဲမှူးကဒီကနေ့လာတွေ့ပါဆိုလို့ ခုနားကပဲသူနဲ့တွေ့ပြီးပြီ။ ရဲမှူးကတော့ အထက်ကခိုင်းလို့ စစ်ဆေးရတာလို့ပြောတယ်”ဟုပြောသည်။အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး သံတွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီး ဦးထွန်းထွန်းဦးအား ဆက်သွယ်ရာတွင် သူ့အားခေါ်ယူမေးမြန်းခဲ့ခြင်းမှာဟုတ်မှန်ပြီး အသင်းအဖွဲ့၏လုပ်ဆောင်ချက်များကို မေးမြန်းခဲ့ခြင်းသာဖြစ်ကြောင်းပြောဆိုပြီး အစည်းအ‌ဝေးလုပ်နေသည်ဟုဆိုကာ ဖုန်းချသွားခဲ့သည်။ယင်းအပြင် သံတွဲမြို့နယ်ရဲမှူးအားဆက်သွယ်ခဲ့ရာ သူ့အားခေါ်ယူစစ်ဆေးသည်မှာဟုတ်မှန်ပြီး အသေးစိတ်ကို မပြောနိုင်ကြောင်းပြောသည်။

Western News- WN

https://www.facebook.com/102405104899336/posts/208253914314454/

Leave a Reply

Your email address will not be published.