လုံခြုံရေးတိုးတက်လာမည်ဆိုပါက အေအေအား အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ခြင်းကို အင်န်အယ်လ်ဒီ ထောက်ခံ

The Standard Time Daily/ 2021 January 18

သတင်း – တေဇာဘုန်းမြင့်

ဓာတ်ပုံ – ကျော်ကျော်/စံတော်ချိန်

လုံခြုံရေးတိုးတက်လာမည်ဆိုပါက အေအေအဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းက ပယ်ဖျက်ခြင်းကို အင်န်အယ်လ်ဒီထောက်ခံကြောင်း ယင်းပါတီ၏ ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်က ဇန်နဝါရီ ၁၇ ရက်တွင် စံတော်ချိန်ကိုပြောသည်။”လုံခြုံရေးတိုးတက်လာမယ်ဆိုရင်တော့ အကြမ်းဖက်အဖွဲ့အစည်းက ပယ်ဖျက်တာကို ကျွန်တော်တို့က ထောက်ခံပါတယ်။ လုံခြုံရေးပြဿနာကိုသာ ဖြေရှင်းရမှာဖြစ်ပါတယ်”ဟု ဒေါက်တာ မျိုးညွန့်က ပြောသည်။အေအေအား အကြမ်းဖက်အဖွဲ့မှပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရကို တိုက်တွန်းသော အဆိုကို ဇန်နဝါရီ ၁၄ ရက်က ကျင်းပသော ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ထောက်ခံဆွေးနွေးပြီး ကန့်ကွက်သူမရှိ၍ လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။”အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာက ငြိမ်းချမ်းရေးအကြောင်းကြောင့်ပါ ခင်ဗျ။ အဲဒီတော့ လောလောဆယ် အေအေနဲ့ ဆွေးနွေးထားတဲ့ တပ်မတော်အနေနဲ့ လုံခြုံရေး တိုးတက်မှုတွေ ရှိပါတယ်။ အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်ထားတာ ရုပ်သိမ်းသင့်ပါတယ်လို့ ထောက်ခံတင်ပြရင်၊ ဒီအစိုးရကလည်း ဒါကို လိုက်နာလုပ်ဆောင်ဖို့ သင့်ပါတယ်။ လုံခြုံရေးအခြေအနေ တိုးတက်လား၊ မတိုးတက်လားက တပ်မတော်ရဲ့ ထင်မြင်ချက်နဲ့ တင်ပြချက်က အဓိက ဖြစ်ပါလိမ့်မယ်”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။ဇန်နဝါရီ ၁၁ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဦးထွန်းသာစိန်က ထာ၀ရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က သတ်မှတ်ကြေညာထားသော ULA/AA အား ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရကတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့်အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။အေအေကို ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။”ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ရော ပါတီအနေနဲ့ပါ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် အစွမ်းကုန်ကြိုးစားသွားပါမယ်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေတဲ့ပြဿနာဖြစ်တဲ့အတွက် ဘယ်လောက်ကြာမယ်ဆိုတာမျိုးက ခန့်မှန်းဖို့ခက်ပါမယ်။ အစွမ်းကုန် ကြိုးစားသွားပါမယ်”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

https://www.facebook.com/599363770175581/posts/3362746413837289/

Leave a Reply

Your email address will not be published.