ရှေးဟောင်းအမွေအနှစ်များ ပျက်စီးမှုရှိနေသည့် မြောက်ဦးကို ယူနက်စကိုတင်သွင်းရန် ၁ နှစ်နောက်ဆုတ်

By Western News / January 26 / 2021

Western News – ထွန်းလှ
ဇန်နဝါရီ ၂၆ ရက်
ရခိုင်ပြည်နယ်၏ ရှေးဟောင်းမြို့တော်တစ်မြို့ဖြစ်သော မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အတွက် အဆိုပြုလွှာမူ အချောသတ်တင်သွင်းရန် နောက်ထပ်အချိန် (၁) နှစ် နောက်ဆုတ်လိုက်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနစ် ‌ဒေသများဌာနခွဲမှသိရသည်။
မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက်အဆိုပြုလွှာမူကြမ်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့က ယူနက်စကို ဌာနချုပ်သို့ တင်သွင်းခဲ့ပြီး အဆိုပြုလွှာအချောသတ်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ မကုန်မီ တင်သွင်းရမည်ဖြစ်သော်လည်း တင်သွင်းနိုင်ခြင်းမရှိသဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် တင်သွင်းရန် ရွှေ့ဆိုင်းခဲ့ရသည်။
သို့သော် တိုက်ပွဲဖြစ်ပွားမှုအခြေအနေ၊ ကိုဗစ်ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် ယခု ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင်လည်း အဆိုပြုလွှာမူအချောကို တင်သွင်းနိုင်ခြင်းမရှိဘဲ နောက်ထပ် (၁) နှစ်နောက်ဆုတ် လိုက်ရခြင်းဖြစ်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွှေ အနစ် ‌ဒေသများဌာနခွဲ ညွန်းကြားရေးမှူး ဦးသန့်ဇော်ဦး Western Newsက ကိုပြောသည်။
“ကိုဗစ်ဖြစ်တဲ့အခြေအနေ နောက်ပြီးတော့ တိုက်ပွဲဖြစ်တဲ့အခြေအနေတွေကြောင့် မြေပြင်မှာ လိုအပ်တဲ့ ဟာတွေကို ကွင်းဆင်းလုပ်ရတဲ့အခါမှာ တစ်ချို့ဟာတွေက အချိန်ကြန့်ကြာသွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်” ဟုပြောဆိုသည်။
မြောက်ဦးရှေးဟောင်းအမွေအနှစ်များရှိသော နေရာများတွင် နေအိမ်များဆောက်လုပ်ခြင်း၊ ကွန်ကရစ် လမ်း၊ တံတားများ ဆောက်လုပ်ခြင်းနှင့် ရှေးဟောင်းတံတိုင်းများ၊ ခံတပ်များရှိသည့် နေရာများတွင် တပ်မတော်မှ အခိုင်အမာ အခြေကုပ်စခန်းများပြုလုပ်ထားသည့်အတွက် ရှေးဟောင်းအမွေအနှစ်များမှာ တစ်နေ့တစ်ခြားထိ ခိုက်ပျက်စီးမှုများရှိနေသည်ဟု မြောက်ဦးဒေသခံတစ်ဦးဖြစ်သူ ကိုဇော်ထွန်းက ပြောဆိုသည်။
“နှစ်ပေါင်း ၄၀၀ ကျော် ၅၀၀ ကျော်ရှိနေပြီးဖြစ်တဲ့ ဒီအဆောက်အဦးတွေက ထိန်းသိမ်းစောင့် ရှောက်မှုတွေမရှိတော့ ပေါင်းတွေ၊ ခြုံတွေထပြီး သစ်ပင်တွေပေါက်နေတာနဲ့ ဒီလိုသဘာဝ အလျောက် ပျက်စီးမှု တွေရှိသလို လူတွေကြောင့်လည်း တစ်နေ့တစ်ခြား ပျက်စီးမှုတွေရှိနေတယ်။ ဥပမာ မြောက်ဦးမှာ တိုက်အိမ်တွေ၊ ကွန်ကရစ်လမ်းတွေဆောက်လုပ်ကြတယ်။ တောင်တွေကိုမြေတူးစက်တွေနဲ့တူးဖြို အိမ်ရာတွေဖို့ကြတယ်။ အဲလိုလုပ်လိုက်တော့ မတူးဖော်ရသေးတဲ့ အမွေအနှစ်တွေ ပျက်စီးကုန်ရော။ ငါး‌ခြောက်စျေးတံတိုင်းပေါ်မှာဆိုရင် အခု တိုက်အိမ်တွေ တန်းစီပြီး ဆောက်လုပ်လိုက်ကြပြီ။ ထုက္ကန်သိမ်ဘုရား၊ ကိုးသောင်းဘုရား၊ နန်းရာကုန်းမြောက်ဖက်က မင်္ဂလာတံခါး အနီးအနားတွေမှာ ကွန်ကရစ်လမ်းတွေ လုပ်ထားတယ်။ အမှန်က ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့နေရာမှာ အဲဒီလို တိုက်အိမ်တွေ၊ ကွန်ကရစ်လမ်း၊ တံတားတွေ မဆောက်လုပ်ရဘူး။ နောက်တစ်ခါ တပ်မတော်က ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့တောင်တွေမှာ အခိုင်အမာတပ်စွဲထားတာရှိတယ်။ တိုက်ပွဲစဖြစ်ခါစ ၂၀၁၉ အစောပိုင်းကဆိုရင် တစ်ရက်ကို ပျမ်းမျှ လက်နက်ကြီးအလုံး လေးငါးဆယ်ပစ်တယ်။ အဲဒီလိုပစ်ခတ်မှုတွေကြောင့် ကိုးသောင်းပုထိုးမှာဆိုရင် ကွဲအက်မှုတွေဖြစ်သွား တာရှိတယ်။ နောက်ပြီး တစ်ခြား ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွေမှာ ကတုတ်ကျင်းတူးတာတွေ တပ်စွဲတာ တွေရှိတယ်။ ပျက်စီးမှုတွေကတော့ တော်တော်များများရှိနေတယ်” ဟုပြောသည်။
ယင်းကဲ့သို့ ရှေးဟောင်းအမွေအနှစ်များထိခိုက်ပျက်စီးမှုများရှိနေ၍ အစိုးရအနေဖြင့် ထိရောက်သည့် အက်ဥပဒေများဖြင့် ကာကွယ်ထိန်းသိမ်းသင့်ကြောင်းနှင့် အမွေအနှစ်များ ယခုထက်ပိုမိုပျက်စီးလာမည်ကို စိုးရိမ်နေရသည်ဟု မြောက်ဦးရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက Western News ကိုပြောဆိုသည်။
“ဒီလို ထိခိုက်ပျက်စီးမှုတွေကို အစိုးရအနေနဲ့ ထိရောက်တဲ့ အက်ဥပဒေတွေနဲ့ သေသေချာချာ ထိန်းသိမ်းကာကွယ်ဖို့သင့်နေပြီ။ မကြာသေးခင်ကလည်း နန်းတော်ကုန်း မြောက်ဘက်မှာရှိတဲ့ ဘုန်းကြီးကျောင်းထဲမှာ ဘုန်းကြီးကတူးဖော်တာတွေလုပ်တော့ အဆောက်အဦးကြီးတစ်ခုပေါ်လာတယ်။ အဲဒီလိုလုပ်လိုက်တော့ ကျွန်မတို့ ဘယ်ခေတ်ဘယ်အချိန်ကဟာတွေလဲဆိုတာကို မှတ်လို့မရတော့ဘူး။ နောက်တစ်ခါ သျှစ်သောင်းဘုရားအနီးက ရှင်ဘုရင်တွေကို မီးသဂြိုဟ်ခဲ့တဲ့ဟာရှိတယ်။ အဲဒီနေရာမှာလည်း အခုဓမ္မာရုံကြီးတစ်ခုဆောက်လုပ်မယ်လို့ကြားရတယ်။ ဆိုတော့ ဒီလိုမျိုး ရှေးဟောင်းနယ်မြေတွေမှာ အထိန်းအကွပ်မဲ့ လုပ်ချင်တိုင်းသာလုပ်နေကြမယ်ဆိုရင် ရခိုင်ဆိုတဲ့အထောက်အထားတွေ ကျန်ပါ ဦးမလားလို့ တောင် စိုးရိမ်ရတယ်။ တော်တော့်ကို ပျက်စီးမှုတွေနဲ့ ဖျက်ဆီးမှုတွေကို မျက်ဝါးထင်ထင် တွေ့နေရတော့ သမိုင်းကြောင်းကိုသိနေတဲ့ ကျွန်မအတွက်တော့ တော်တော့်ကို ရင်ထုမနာဖြစ်ရတယ်” ဟုပြောသည်။
မြောက်ဦးမြို့သည် ရခိုင်ပြည်နယ်အတွင်း နှစ်ထောင်ချီ ကြာမြင့်ပြီးဖြစ်သော ရခိုင့်ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်များအများဆုံး စုစည်းတည်ရှိရာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပြီး အဆိုပါ ရှေးဟောင်းယဉ် ကျေးမှုအမွေ အနှစ်များမှာ စစ်ဘေးဒဏ်၊ သဘာဝဘေးအန္တရာယ်ဒဏ်များကြောင့် ပျက်စီးယိုယွင်းမှုများ နှင့်ရင်ဆိုင်နေရ သည်။

https://www.facebook.com/102405104899336/posts/218829706590208/

Leave a Reply

Your email address will not be published.