ရဲစခန်း လော့ဒေါင်းချထားသဖြင့် တောင်ကုတ်စည်ပင်ကော်မတီ ဥက္ကဌအပါဝင် ၄ ဦး၏ ရုံးချိန်းရက်ရွေ့ဆိုင်း

By Western News/ 2021 January 11

ထွန်းလှ

အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့စည်ပင် ကော်မတီဥက္ကဌ ဦးဇေယျကျော်အပါအဝင် ၄ ဦးတို့၏ ၁၈ ကြိမ်မြောက်ရုံးချိန်းအား ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ချိန်းဆိုခဲ့သော်လည်း တရားလိုဖက်မှ သက်သေဖြစ်သည့် တောင်ကုတ်မြို့နယ်ရဲစခန်းမှူးမှာ တောင်ကုတ်ရဲစခန်း၌ ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် ရဲစခန်းလော့ဒေါင်းချထားသည့်အတွက် ရုံးချိန်းကို ဇန်နဝါရီလ ၂၂ ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။တောင်ကုတ်မြို့စည်ပင်ကော်မတီ ဥက္ကဌ ဦးဇေယျကျော်၊ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဒု-ဥက္ကဌ ဦးဝေသောင်း၊ တောင်ကုတ် မြို့ စည်ပင်ကော်မတီ ဥက္ကဌဟောင်း ဦးစန်းငွေနှင့် ဦးစည်သူကျော်ဇံတို့ကို အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)၊ ၅၂(က)ဖြင့် စစ်တွေမြို့ သတင်းရဲတပ်ဖွဲ့မှ ရဲမှူးဇော်မြင့်ထွန်းက တောင်ကုတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။တရာလိုဖက်မှ တင်သွင်းသည့် သက်သေ ၁၃ ယောက်အနက် ၁၂ ယောက်ကို စစ်ဆေးပြီးစီးခဲ့ပြီဖြစ်သော်လည်း နောက်ဆုံး သက်သေဖြစ်သည့် တောင်ကုတ်ရဲစခန်းမှူး ဒုရဲမှူး လှတင့်သည် ကိုဗစ်ရောဂါအခြေအနေကြောင့် တရားရုံးသို့ရောက်ရှိခြင်းမရှိ၍ ရုံးချိန်းအား ထပ်မံရွှေ့ဆိုင်းလိုက်ရသည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်သင်္ဂိမောင်က Western News ကိုပြောသည်။“ဒီနေ့ရုံးချိန်းက တောင်ကုတ်ရဲစခန်းမှူး ဒုရဲမှူး ဦးလှတင့် ကိုအမှုစစ်မယ်ဆိုပြီးချိန်းဆိုထားတဲ့ရုံးချိန်းဖြစ်ပါတယ်။ ဒါပေမယ့် ရဲစခန်းမှာ ကိုဗစ်တွေ့လို့ လော့ဒေါင်းချထားတဲ့အတွက် စခန်းမှူးကလည်း အပြင်ထွက်မရဘူး။ အဲဒါကြောင့်မလို့ အမှုစစ်လို့မရဘဲ ဒီလ ၂၂ ရက်နေ့ကို ပြန်ချိန်းလိုက်ပါတယ်” ဟုပြောသည်။တရားလိုဖက်မှ နောက်ဆုံးသက်သေဖြစ်သည့် တောင်ကုတ်ရဲစခန်းမှူး ဒုရဲမှူး လှတင့်အား စစ်ဆေးမေးမြန်းပြီးလျှင် အမှုအား စွဲချက်တင်သင့်၊ မသင့်ဆိုသည်နှင့် ပတ်သက်၍ စွဲချက်အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း ရှေ့နေ ဒေါ်သိင်္ဂီမောင်ကပြောဆိုသည်။တောင်ကုတ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဇေယျကျော်နှင့် တောင်ကုတ် ရခိုင်အမျိုးသားပါတီ ဒု-ဥက္ကဌ ဦးစန်းငွေတို့ကို တောင်ကုတ်မြို့ နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်းအပါအဝင် ရခိုင်ပြည်နယ်လုံးဆိုင်ရာ ဗဟိုသတင်း၊ တောင်ကုတ်ဟစ်တိုင်၊ တောင်ကုတ်မြို့ဗဟို သတင်းဌာနစသည့် လူမှုကွန်ရက်အကောင့်များဖြင့် မဟုတ်မမှန် သတင်းများ အဆက်မပြတ်တင်ပြနေသည့်ဟုဆိုကာ ၂၀၂၀ ဧပြီလ အတွင်းတွင် အသီးသီးဖမ်းဆီးခံရပြီး ရုံးတင်စစ်ဆေးနေသည်မှာ ယခုဆိုလျင် ၁၀ လခန့်ကြာမြင့်နေပြီဖြစ်သည်။ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ဖြင့်တရားရင်ဆိုင်နေရသူ ၂၆၉ ဦးရှိပြီး၊ ၎င်းတို့မှာ စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၁၃ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦး ထိရှိကြောင်း သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့၏ စာရင်းအရ သိရသည်။

Western News- WN

https://www.facebook.com/102405104899336/posts/209619217511257/

Leave a Reply

Your email address will not be published.