By VOA / January / 19 / 2021
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် တိမ်းရှောင်သွားသူတွေ နေရပ်ပြန်နိုင်ရေး အခက်အခဲကြုံနေရတာတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံက အဆင့်မြင့်တာဝန်ရှိသူတွေ ဒီကနေ့ အွန်လိုင်းကနေ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဆွေးနွေးမှုတွေဖြစ်လာဖို့ တရုတ်နိုင်ငံဘက်ကနေ ကြားဝင်ဆောင်ရွက်ပေးတာဖြစ်ပြီး ဒီလိုအကူအညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးဟောက်ဒိုဆွမ်းက အဲဒီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံ နိုင်ငံခြားရေး ဒုတိယဝန်ကြီး Luo Zhaohui ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတွင်းဝန် Masud Bin Momen ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်တဲ့ အွန်လိုင်းဆွေးနွေးပွဲအတွင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းက လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားရာမှာ နှစ် နိုင်ငံ သဘောတူညီချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လိုက်နာဖို့ တိုက်တွန်းခဲ့ကြောင်းလည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ ပြင်ဆင်ထားပြီး နေရပ်ပြန်လိုကြောင်း သဘောထားပေးထားတဲ့ ဟိန္ဒူဘာသာဝင်တွေ အမြန်ဆုံးပြန်နိုင်အောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စီစဉ်ပေးစေလိုကြောင်း မြန်မာတာဝန်ရှိသူတွေက ဆွေးနွေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နေရပ်ပြန်မယ့်သူတွေ အနေနဲ့ ကိုယ့်သဘောဆန္ဒအတိုင်း ဖြစ်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေစည်းမျဉ်းတွေကို လိုက်နာမည့်အကြောင်း နှစ်နိုင်ငံ သဘောတူထားတဲ့ သတ်မှတ်ပုံစံမှာ လက်မှတ်ထိုးရမှာ ဖြစ်ကြောင်းလည်း မြန်မာတာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပါတယ်။ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့ ထပ်မံတိုက်တွန်းခဲ့သလို ဆွေးနွေးမှုတွေအပေါ် သတိနဲ့ အကောင်းမြင် သဘောထားကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိမ်းရှောင်သွားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လည် လက်ခံဖို့လည်း တိုက်တွန်းထားပါတယ်။ မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုပေမဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ ကတိပြုထားပြီး ဘင်္ဂလားဒေ့ရှ်နဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားလက်မှတ်ရေးထိုး သဘောတူထားပါတယ်။
https://www.facebook.com/351574300169/posts/10158813160965170/