ရိုဟင်ဂျာဒုက္ခသည် ၁,၄၀၀ ကျော်ကို Bhasan Char ကျွန်း ထပ်မံပြောင်းရွှေ့

By VOA / January 31 / 2021

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို အသုတ်လိုက် Bhsan Char ကျွန်းပေါ် ပြောင်းရွှေ့ပေးနေရာမှာ အခု စနေနေ့မှာလည်း နောက်ထပ် ဒုက္ခသည် ၁,၄၀၀ ကျော်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ မြန်မာပြည်ပြန်ရေး နှောင့်နှေးနေသလို စားဝတ်နေရေးတွေပါ ခက်ခဲလာတာကြောင့် သူတို့အတွက် ရွေးချယ်စရာမရှိဘဲ ပြောင်းရွှေ့ခံနေရတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။

နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် စုံစမ်းမေးမြန်း တင်ပြထားပါတယ်။မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော် ခိုလှုံနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေမှာ လူဦးရေ ထူထပ်များပြားလွန်းလာလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက Bhasan Char ကျွန်းဆီ လူစုခွဲပြီး အသုတ်လိုက် ရွှေ့ပြောင်းနေရာချပေးနေတာ ၂၀၂၀ နှစ်ကုန်ပိုင်းကစလို့ အခုဆို သုံးကြိမ်ရှိပြီ ဖြစ်ပါတယ်။

၂၀၂၁ နှစ် နှစ်ဆန်းပိုင်းမှာပို့တဲ့ တတိယအကြိမ် အသုတ်အတွက် ၃,၅၀၀ ထဲက ဇန်နဝါရီလ ၂၉ ရက်နေ့ သောကြာနေ့က ပထမအုပ်စု လူပေါင်း ၁,၇၀၀ ကျော်၊ ဇန်နဝါရီ ၃၀ ရက်နေ့ စနေနေ့မှာ ဒုတိယအုပ်စု လူပေါင်း ၁,၄၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းကမ်းခြေကနေ Bhasan Char ကျွန်းဆီကို ရွှေ့ပြောင်းနေကြတာပါ။

နောက်ဆုံးအခြေအနေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့်ဇ်ဘဇားခရိုင် ဘာလုခါလီ ဒုက္ခသည်စခန်းက ဦးကျော်မြင့်က ပြောပြပါတယ်။”ဇန်နဝါရီလ ၂၉ ရက်နေ့နဲ့ ဇန်နဝါရီလ ၃၀ နှစ်ခေါက် စုစုပေါင်း လူဦးရေ ၃,၀၀၀ ကျော် ပို့ပါတယ်။ နှစ်သုတ်ခွဲပို့ပါတယ်။ ၂၉ ရက်နေ့က တသုတ်၊ ၃၀ ရက်နေ့က တသုတ်ပေါ့။ အဲ့ဒီ့လူတွေထဲမှာ ၂၀၁၂ ကတည်းက ထွက်ပြေးလာတဲ့သူတွေ အများစု ပါဝင်ပါတယ်။

နောက် ၂၀၁၆-၂၀၁၇ နယ်မြေရှင်းလင်းရေးကာလ ထွက်ပြေးလာတဲ့သူတွေလည်း ပါဝင်ပါတယ်။ အဓိကကတော့ဗျာ ကျနော်တို့ ဒုက္ခသည်တွေ မြန်မာနိုင်ငံကနေ မောင်းထုတ်ခံရတာ လေးနှစ်ရှိသွားပါပြီ။ ဒီကနေ့အချိန်အထိတော့ မှန်ကန်တဲ့လမ်းကြောင်းအတိုင်း ဒီဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် ဘာတခုမှ လုပ်ဆောင်တာ မရှိတဲ့အတွက် လူတွေက ရွေးစရာလမ်းမရှိလို့ ဒုက္ခသည်စခန်းထဲမှာလည်း စားဝတ်နေရး မပြေလည် အလုပ်အကိုင်လည်း ရှားပါးမှုကြောင့် Bhasan Char ကျွန်းကို သွားကုန်ကြတာ တွေ့နေရပါတယ်ခင်ဗျ။”Bhasan Char ကျွန်းကို သွားမယ့်သူတွေကို ထောက်ပံ့ငွေကြေးပေးတဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်းလည်း ရှိတယ်လို့ စခန်းတာဝန်ခံတွေနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပြောခဲ့တယ်လို့လည်း ဦးကျော်မြင့်က ပြောပြပါတယ်။”

ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကနေ စခန်းတာဝန်ခံတွေကနေတဆင့် ပြောထားတာ အခုသွားမယ့်သူတွေကို တဦးချင်းအလိုက် သူတို့က ဒါကာငွေ ၅,၀၀၀ ပေးမယ်။ နေအိမ်တွေကိုလည်း မိသားစု လုံလုံလောက်လောက် နေထိုင်ဖို့အတွက် သူတို့က စီစဉ်ပေးမယ်။ အလုပ်အကိုင် ဖန်တီးပေးမယ်။ နောက် စီးပွာေးရး ငါးဖမ်းလုပ်ငန်းလိုမျိုး လုပ်ငန်းတွေ နောက် တခြားအလုပ်အကိုင်တွေ ဖန်တီးပေးမယ်ဆိုပြီးတော့ စခန်းတာဝန်ခံတွေက ပြောပါတယ်။ ဒါပေမယ့် Bhasan Char ကျွန်းက အသက်အန္တရာယ်ရှိတော့ Bhasan Char ကျွန်းကို လူအများစုက အရင်က သွားလိုတဲ့စိတ် မရှိခဲ့ကြပါဘူး။”ရိုဟင်ဂျာဒုက္ခသည် အများစုကတော့ နေရပ်ရင်းကိုပဲ ပြန်လိုကြတာပါ။ ဒီသီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေ တင်းမာနေတာကိုလည်း သူတို့တွေ စိုးရိမ်တကြီး စောင့်ကြည့်နေကြတယ်လို့ ဦးကျော်မြင့်က ဗွီအိုအေကို ပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရနဲ့ ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေး အစီအစဉ်တွေ နှောင့်နှေးနေချိန် ကုလသမဂ္ဂနဲ့ နိုင်ငံတကာဘက်က ရိုဟင်ဂျာတွေ ဒီကျွန်းကိုပြောင်းတာ မိမိတို့ဆန္ဒအလျောက် ရွှေ့ပြောင်းတာမျိုးပဲ ဖြစ်စေချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလ ၄ ရက်နေ့ကစလို့ Bhasan Char ကျွန်းဆီ ပထမဆုံးအသုတ်အဖြစ်နဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၁,၆၄၂ ဦး၊ ဒုတိယအသုတ်အဖြစ် ၁,၈၀၄ ဦးကို ၂၀၂၀ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြောင်းရွှေ့ပေးခဲ့တာပါ။

ဒီတကြိမ် ၂၀၂၁ ခုနှစ်မှာတော့ တတိယအသုတ်ကို ဇန်နဝါရီ ၂၉ ရက်နေ့မှာ လူ ၁,၇၀၀ ကျော် တကြိမ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ လူ ၁,၄၀၀ ကျော် တကြိမ် လူအုပ်စုတွေခွဲပြီး Bhasan Char ကျွန်းဆီ ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

https://www.facebook.com/351574300169/posts/10158854491110170/

Leave a Reply

Your email address will not be published.