ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံဆွေးနွေးမည်

By RFA / January / 14 /2021

ကျော်လွင်ဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယအကြိမ် ဦးဆောင်မယ့် အစိုးရသစ်လက်ထက်မှာ နိုင်ငံတကာ ဖိအားတွေ လျော့စေဖို့ ဘင်္ဂလားဒေ့ရှ်မှာရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ် သုံးပွင့်ဆိုင် ဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ဖို့ တရုတ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ သုံးနိုင်ငံ တွေ့ဆုံပွဲကို လာမယ့် ဇန်နဝါရီ ၁၉ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့မှာ ကျင်းပသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန် က မနေ့က ပြောလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကိုကို မေးမြန်းရာတော့ ဒုဝန်ကြီးအဆင့် ဆွေးနွေးပွဲကို အွန်လိုင်းကနေ ကျင်းပသွားဖို့ရှိကြောင်း ပြောပါတယ်။

“အစည်းအဝေးရှိပါတယ်၊ အစည်းအဝေးကျင်းပဖို့ ညှိနှိုင်းထားပါတယ်၊ အဲလောက်ပဲ ပြောလို့ရပါမယ်၊ အွန်လိုင်းကနေပဲလုပ်မှာပါ ဒုဝန်ကြီးအဆင့်ပါ၊ ကျနော်တို့ရပ်တည်ချက်အတိုင်းပါပဲ နှစ်နိုင်ငံချုပ်ဆိုထား တဲ့ သဘောတူစာချုပ်နဲ့အညီ ပြန်လည်စိစစ်ပြီးတဲ့လူတွေကို လက်ခံမယ်ဆိုတဲ့ ရပ်တည်ချက်အတိုင်းပါပဲ၊ သူတို့ဘက်က အကြောင်းအမျိုးမျိုးကြောင့် မပို့နိုင်တာတော့ရှိတာပေါ့လေ”

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကတည်းက နှစ်နိုင်ငံသဘောတူ လက်မှတ် ရေးထိုးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီကိစ္စမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၁၈ ခုနှစ် ဇွန်လက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား အချက် လေးချက်ကို သဘောတူညီမှုရခဲ့ပါတယ်။

ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကို ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ တရုတ်နိုင်ငံ ခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ မိုမန် တို့ ၂၀၁၉ စက်တင်ဘာ ၂၃ ရက်နေ့က နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲပြီးကတည်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကို နိုင်ငံအသီးသီးက ရင်ဆိုင်နေရတာ ကြောင့် နောက်ထပ် မတွေ့နိုင်ခဲ့ပါဘူး။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီဟာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီး ဧပြီလဆန်းမှာ အစိုးရသစ် ကို ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာပဲ အစိုးရသစ်လက်ထက်မှာ နိုင်ငံတကာဖိအားတွေ အပါအဝင် နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်နေရတဲ့အမှုကိစ္စတွေမှာ မျက်နှာပန်းလှဖို့အတွက် ကိုဗစ်ကပ်ဘေးကြောင့် ရပ်နားထားတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေးကိစ္စကို ပြန်လည်ဆွေးနွေးပါတော့မယ်။

ကိုဖီအာနန်ကော်ရှင် အဖွဲ့ဝင်ဟောင်းလည်းဖြစ် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်လည်းဖြစ်တဲ့ ဦးအေးလွင် က ဒီဒုက္ခသည်တွေနေရပ်ပြန်ရေး မကြာခင် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတာကို ကြိုဆိုပါတယ်။ဒီဒုက္ခသည်တွေ နေရပ်ပြန်ရောက်လာရင် သူတို့ မူလနေထိုင်ခဲ့တဲ့ကျေးရွာတွေမှာ ပြန်လည်နေထိုင်လုပ်ကိုင် ခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့်ပေးရေး ဆိုတဲ့ အချက်နှစ်ချက်ကို နှစ်နိုင်ငံလုံးက အဖြေတစ်ခု အမြန်ဆုံးရှာပြီး ဖြေရှင်းပေးသင့်တယ်လို့ ဦးအေးလွင်က တိုက်တွန်းပါတယ်။

“အဲဒီအချက်နှစ်ချက်ကို သူတို့ကို နားလည်သဘောပေါက်အောင် ဆွေးနွေးပေးနိုင်မယ်ဆိုရင်တော့ ကျနော့် စိတ်ထင်အားလုံးက ပြန်လာချင်တဲ့ဆန္ဒရှိတယ်၊ ဘာကြောင့်လည်းဆိုတော့ ကော့ဘဇားကို တစ်ကြိမ်မက ကျနော်ရောက်ဖူးပါတယ်၊ အားလုံးကပြန်ချင်ကြပါတယ်၊ အဲဒီအဟန့်အတားလေးတွေကို လုပ်ပေးနိုင်တဲ့ အနေအထားမှာရှိတဲ့အတွက် ကြားဝင်စေ့စပ်ပေးမယ့် တရုတ်ကလည်း ဖျောင်းဖြပေါ့နော်၊ ကာယကံရှင် ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာဘက်ကလည်း သဘောထားကြီးကြီးထားပြီး အဲဒါလေးကို အဖြေတစ်ခု အမြန်ဆုံးရှာသင့်ပါတယ်”

ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ခေါ်ရေးဟာ အစိုးရဘက်က မဖြစ်မနေ လုပ်ရမယ့်အလုပ်လို့လည်း ဦးအေးလွင်က ပြောပါတယ်။၁၉၉၀ ရွေးကောက်ပွဲမှာ ဘူးသီးတောင်မြို့နယ်က ရွေးကောက်ခံခဲ့ရသူလည်းဖြစ် လက်ရှိ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးကျော်မင်းကလည်း မကြာခင်တေ့ွဆုံမယ့်အစီအစဉ်ကို ကြိုဆိုပါတယ်။ဒုက္ခသည်တွေရဲ့ သဘောထားကို နှစ်ဖက်အစိုးရက ထည့်သွင်းစဉ်းစားပေးရမယ်လို့ ဦးကျော်မင်းက ပြောပါတယ်။”အဓိကတော့ ဒုက္ခသည်တွေရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားပေးရမယ်ထင်တယ်၊ နိုင်ငံအချင်းချင်း ဆွေးနွေးပြီးတော့ ဒုက္ခသည်တွေ သဘောထားမပါရင် အောင်မြင်ပါ့မလားဆိုတာ ကျနော်တို့စဉ်းစားတယ်”

ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ချက်ချင်းမပေးဘဲ နိုင်ငံသားစိစစ်ခံမယ့် အသိအမှတ် ပြုကတ် လို့ ခေါ်တဲ့ NVC ကတ်ပေးမယ်ဆိုတဲ့ ပေါ်လစီဟာ မှားနေတယ်လို့ သူက ဝေဖန်ပါတယ်။ဘင်္ဂလားဒေ့ရ်ှရောက် ရိုဟင်ဂျာတွေ တောင်းဆိုခဲ့ကြတဲ့ နိုင်ငံသားဖြစ်ခွင့်၊ သူတို့နေရာတွေမှာ ပြန်လည် နေထိုင်ခွင့်၊ သူတို့ပိုင်ဆိုင်ခွင့်တွေ ပြန်ရခွင့်၊ လွတ်လပ်စွာသွားလာခွင့်နဲ့ လုံခြုံရေး အပြည့်အဝပေးမယ်ဆိုရင် အားလုံး နေရပ်ပြန်လာကြမှာဖြစ်တယ်လို့ ဦးကျော်မင်းက ပြောပါတယ်။သုံးပွင်ဆိုင့်ဆွေးနွေးပွဲကနေ ရိုဟင်ဂျာတွေရဲ့ ဆန္ဒသဘောထားတွေကို ထည့်သွင်းဆွေးနွေးပြီး သူတို့အမြန်ဆုံး နေရပ်ပြန်နိုင်ဖို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဦးအောင်မြိုင်က မျှော်လင့် နေပါတယ်။”

ဒီလိုသုံးပွင့်ဆိုင်ဆွေးနွေးပွဲကနေ ကျနော်တို့ရဲ့ မူလနေရာ၊နိုင်ငံသား၊ လုံခြုံရေးစီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့်ပေါ့နော် ဒါတွေထည့်သွင်းဆွေးနွေးပြီး ကျနော်တို့ဒုက္ခသည်တွေ အမြန်ဆုံးနေရပ်ပြန် နိုင်အောင် စီစဉ်ဆောင်ရွက်ပေးမယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်”ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာ ရှစ်သိန်းလေးသောင်းရဲ့ အမည်စာရင်းတွေကို စိစစ်အတည်ပြုနိုင်ဖို့ မြန်မာနိုင်ငံကို ပေးပို့ထားပြီး မြန်မာက လူလေးသောင်းနှစ်ထောင် စာရင်းကိုပဲ စိစစ်အတည်ပြုထားတယ် လို့လည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။၁၉၇၈ နဲ့ ၁၉၉၂ နှစ်တုန်းကလို ရိုဟင်ဂျာတွေကို ပြန်လက်ခံသလို လက်ခံမယ်လို့ အမြဲမျှော်လင့်တဲ့အကြောင်း လည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးက ပြောပါတယ်။Covid-19 ကပ်ရောဂါဖြစ်ပွားနေတာနဲ့ အထွေထွေရွေးကောက်ပွဲကြောင့် ၂၀၂၀ ပြည့်နှစ်မှာ ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေး ဆောင်ရွက်တာမရှိဘဲ ဒီလထဲ ဆွေးနွေးပွဲ ပြန်စမယ်လို့ မြန်မာအစိုးရက အစောပိုင်းမှာ ပြောခဲ့ပါတယ်။လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ Fortify Right အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ရိုဟင်ဂျာတွေ ပြန်ခေါ်ရေးကိစ္စ ဆွေးနွေးရုံနဲ့ နိုင်ငံတကာဖိအားတွေ လျော့ကျသွားမှာမဟုတ်ဘဲ ပြစ်မှုကျူးလွန်ခဲ့သူတွေကို အရေးယူဖို့ လိုကြောင်း ပြောပါတယ်။”

တရုတ်နိုင်ငံ အကူအညီနဲ့ ဆွေးနွေးနေရုံနဲ့ ဒီကိစ္စတွေက မပြေလည်ဘူး၊ ပြဿနာတွေရဲ့ မူလဇစ်မြစ် တွေက ဘယ်တွေမှာ အခြေခံနေလည်းဆိုရင် ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်မှုမှာ အခြေခံနေတယ်၊ နောက်တစ်ခုက လူ့အခွင့်အရေး ချိုးဖောက်တဲ့သူတွေ ကျူးလွန်တဲ့သူတွေကို အရေးယူအပြစ်ပေးတာ မျိုးမရှိဘဲနဲ့ ချိုးဖောက်တဲ့ လူတွေက ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတယ်၊ ချိုးဖောက်ခံရတဲ့သူတွေက ပြန်လည်ကုစားပေးတာမျိုးမရှိဘူး၊ အဲအခြေအနေတွေအားလုံးကို အစိုးရက ပြီးခဲ့တဲ့ ငါးနှစ်လုံးမှာ မလုပ် ခဲ့ဘူး၊ မလုပ်ခဲ့တဲ့အတွက်ကြောင့် ဒီလာမယ့် ငါးနှစ်မှာ လုပ်ဖို့လိုတယ်၊ လုပ်မှသာ နိုင်ငံတကာရဲ့ဖိအားတွေ၊ လျော့သွားမယ်၊ နိုင်ငံတကာမှာ လူ့အခွင့်ရေး လူ့ဂုဏ်သိက္ခာကို လေးစားတဲ့အစိုးရတစ်ရပ်အနေနဲ့ ရပ်တည်လို့ရမယ့်ပေါ့”မကြာသေးခင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ရိုဟင်ဂျာဒုက္ခသည်တွေအရေး ထည့်သွင်းဆွေးနွေး ခဲ့ပါတယ်။ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် ရိုဟင်ဂျာ ရှစ်သိန်းကျော် ဘင်္ဂလား ဒေ့ရှ်ကို ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ဆန်းကနေ အောက်တိုဘာလအထိ မောင်တောမြို့နယ် ငါးခူရ ပြန်လည်လက်ခံရေးစခန်းကို ကိုယ့်အစီအစဉ်နဲ့ကိုယ် အမျိုးသား ၁၇၀ နီးပါး၊ အမျိုးသမီး ၂၉၀ ဦး ပြန်ဝင်လာတယ်လို့ အစိုးရက ထုတ်ဖော် ပြောထားပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံအစိုးရ အစီအစဉ်နဲ့ တရားဝင် ပြန်ဝင်ရောက်လာ တာတော့ မရှိသေးပါဘူး။ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ရဲ့ ၂ဝ၁၉ အစီရင်ခံစာအရ ရခိုင်ပြည်နယ်မှာ မြန်မာ့ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခံရပြီး ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတာ သုံးနှစ် ရှိပြီဖြစ်သလို အဲဒီကိစ္စတွေမှာ မြန်မာအစိုးရက တာဝန်ရှိတယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာ ခုံရုံး ICJ မှာ ရုံးတင် စစ်ဆေးခံနေရပြီး ခြောက်လတစ်ကြိမ် အစီရင်ခံစာတင်သွင်းဖို့ ဖေဖော်ဝါရီ လက ကြားဖြတ်အမိန့် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

https://www.facebook.com/rfaburmese/videos/2080561822074277

https://www.facebook.com/39218993127/posts/10160704029038128/

Leave a Reply

Your email address will not be published.