ရမ်းဗြဲတွင် ပဋိပက္ခများအတွင်း နေအိမ်နှင့်ပိုင်ဆိုင်မှု ဖျက်ဆီးခံရသော ကမန်တိုင်းရင်းသားများ၏ ခြံမြေများပေါ်တွင် မြို့နယ်ခန်းမ ဆောက်လုပ်ရန် ပြင်ဆင်မှု ကန့်ကွက်

By Khit Thit/ January 2/ 2021

By ရန်ကုန်ခေတ်သစ်ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ ကမန်တိုင်းရင်းသားများ ပိုင်ဆိုင်သော နေအိမ်နှင့် ပိုင်ဆိုင်မှုများသည် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်ပဋိပက္ခများအတွင်း ဖျက်ဆီးခံလိုက်ရသည်။ ယင်းသို့ ဖျက်ဆီးခံလိုက်ရသော ကမန်တိုင်းရင်းသားပိုင် မြေနေရာများပေါ် သက်ဆိုင်ရာအာဏာပိုင်များက မြို့နယ်ခန်းမ ဆောက်လုပ်ရန် စီစဉ်လျက်ရှိရာ ကမန်တိုင်းရင်းသားများက တညီတညွတ်တည်း ကန့်ကွက်နေကြသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ကမန်အမျိုးသားတိုးတက်ရေးပါတီ ဗဟိုဒုတိယဥက္ကဋ္ဌ ဦးတင်ငွေကို ဆက်သွယ်မေးမြန်းထားပါသည်။ မေး။ ။ ရမ်းဗြဲမှာ ကမန်တိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့ မြေနေရာမှာ မြို့နယ် ခန်းမဆောက်လုပ်တာနဲ့ ပတ်သက်ပြီးတော့ ပါတီအနေနဲ့ ပြည်သူတွေက ကန့်ကွက်ထားတယ်လို့သိရတယ်။ အဲအနေအခြေ ဘယ်လိုရှိလဲ။ဖြေ။ ။ ကျွန်တော်တို့က ရမ်းဗြဲမြို့မှာရှိတဲ့ အမှတ် (၆) ရပ်ကွက်က ကျွန်တော်တို့ ကမန်တိုင်းရင်းသားတွေ ဘိုးဘွားအစဉ်အဆက်နေလာခဲ့တဲ့ နေရာတစ်ခုဖြစ်တယ်။ နောက်တစ်ခုက ဒီနေရာက ၂ဝ၁၂မှာ ကျွန်တော်တို့ ရခိုင်ပြည်နယ် ပဋိပက္ခပေါ့။ အဲရခိုင်ပြည်နယ် ပဋိပက္ခမှာ ၂ဝ၁၂ ၆လ ပိုင်းမှာ တစ်ကြိမ် နောက်တစ်ခါ ၁ဝလပိုင်းမှာ တစ်ကြိမ် မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်ပေါ့။ မီးရှို့ဖျက်ဆီး ခံခဲ့ရပြီးတော့ အဲမှာမှ တစ်ခါ Camp ထဲမှာ ကျွန်တော်တို့ ၅နှစ်နေခဲ့ကျရတယ်။ ဒီနေရာတွေက ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက် နေလာတဲ့နေရာတွေ နောက်ဘုရားဝတ်ပြုကျောင်းလည်း ၄ခုရှိတယ်။ နောက်တစ်ခါ သာသနာပြုတဲ့နေရာတစ်ခုရှိတယ်။ ၁၅ ဧကခန့်ပေါ့။ ဒီနေရာတွေက ကျွန်တော်တို့ ဘိုးဘွားပိုင်နေရာတွေဖြစ်တဲ့အတွက် သူ့အလိုလို သဘာဝ မီးလောင်တာမဟုတ်ဘူး။ လူတစ်ဦးတစ်ယောက်က ပေါ့ဆမှုကြောင့် မီးလောင်တာလည်းမဟုတ်ဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က မီးရှို့ဖျက်ဆီး ခံရတဲ့အတွက် ဒီအပေါ်မှာကျွန်တော်တို့က ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်မြေနေရာကို ကျွန်တော်တို့ ပိုင်ဆိုင်မှု တရားဝင်ရှိနေဆဲဖြစ်တဲ့အတွက် ဒီနေရာကို မြို့တော်ခန်းမ ဆောက်မယ်ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် သူတို့ကို အသိပေးပြီးတော့ တင်ပြပြီးတော့ ကန့်ကွက် ရတာပါ။မေး။ ။ ဒီနေရာတွေကို နစ်နာကြေး ပေးပြီးသားနေရာတွေဖြစ်တယ်လို့ ပြောထားတာရှိတယ်။ အဲအပိုင်းတွေကကော ဘယ်လိုမျိုးလဲ။ဖြေ။ ။ ဟုတ်ပါတယ်။ လျော်ကြေးဆိုတာက ကျွန်တော်တို့က လူတစ်ဦးချင်းကို ၁သိန်းပေါ့။ နောက်တစ်ခါ မိသားစု တစ်စုကို ၅သိန်း နောက်လေယာဉ်လက်မှတ် အခမဲ့ အဲလိုမျိုး စီစဉ်ပေးပြီးတော့ ကျွန်တော်တို့ ဆွေမျိုးသားချင်းတွေရှိတဲ့ ရန်ကုန်မြို့ကို ပြောင်းရွှေ့ခဲ့တယ်။ ပြောင်းရွှေ့ခဲ့တယ်။ ပြီးတော့မှတစ်ခါ နေအိမ်ရဲ့ အမျိုးအစားပေါ်မူတည်ပြီးတော့ သွပ်မိုး၊ ပျဉ်းထောင် စသည်အားဖြင့်ပေါ့။ ၁၃သိန်း၊ ၁၅သိန်း၊ သိန်း ၂ဝ၊ သိန်း ၂၅ပေါ့။ အိမ်တန်ဖိုးဆိုပြီးတော့ အဲမှာ ရမ်းဗြဲမြို့နယ် ဒုဦးစီးမှူး ဦးအောင်စံဝင်းက ကျွန်တော်တို့အဲဒါ နစ်နာကြေးလာပေးတဲ့အခါ ကျွန်တော်တို့မေးပါတယ်။ ဒါက ဘယ်လိုပုံစံမျိုးနဲ့ပေးတာလည်း ဒါနစ်နာကြေး အိမ်အတွက် နေအိမ်မီးလောင်သွားတဲ့အတွက် မီးရှို့ဖျက်ဆီး ခံရတဲ့အတွက် ဒီပေါ်မှာ နစ်နာကြေးပေးတာပါဆိုပြီးတော့ ပြောဆိုခဲ့တာရှိပါတယ်။ ကျွန်တော်တို့မြေက တန်ဖိုးက အများကြီးလေ ဒီ၁၃သိန်းလောက် ၁၅သိန်းလောက်ဆိုတာက ဝါးနဲ့ဆောက်တဲ့ တဲတစ်လုံးတောင်မှ ကျွန်တော်တို့က ၁ဝသိန်းလောက် ကျတဲ့ဟာ နောက်တစ်ခါ အိမ်ကြီးအိမ်ကောင်းတွေ အများကြီးရှိပါတယ်။ အဲမှာလေ ဆိုတော့ မြေတန်ဖိုးက အများကြီးမြင့် တန်ဖိုးရှိနေတဲ့ဟာတစ်ခုကို ဒီ၁၃သိန်း ၁၅သိန်း သိန်း၂ဝ သိန်း၂၅ဆိုတာလောက်နဲ့ ကျွန်တော်တို့က မြေပါလက်လွှတ်ရမယ့် အနေအထားမျိုးကတော့ ဒါကျွန်တော်တို့က လက်မခံနိုင်ပါဘူး။မေး။ ။ ဒီလိုမျိုး နစ်နာကြေးပေးပြီးပြီဆိုပြီးတော့ ဆောက်လုပ်မယ့် အပေါ်ကိုကော ဘာပြောဆိုချင်လဲ။ဖြေ။ ။ ကျွန်တော်တို့က အလားတူဖြစ်ရပ်မျိုး သံတွဲမှာဖြစ်ခဲ့ပါတယ်။ သံတွဲမှာ ၂ဝ၁၂မှာ အိမ်ခြေ ၁ဝဝကျော်ပေါ့။ ကမန်တိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့ မြေတွေပေါ်မှာ ဆောက်လုပ်ထားတဲ့ အိုးအိမ် ၁ဝဝကျော်ကို ကျွန်တော်တို့ နိုင်ငံတော် အစိုးရက ထောက်ပံ့ငွေ ပေးပြီးတော့ ၁ဝသိန်းခွဲဆီ ပေးပြီးတော့ အိုးအိမ် ပြန်လည်နေရာချထားခဲ့တာရှိပါတယ်။ ဆိုတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က ဒီမြေတွေဟာ ကျွန်တော်တို့ ဘုရင်ကိုယ်တိုင်ချပေးခဲ့တဲ့ ဘိုးဘွားပိုင်နေရာတွေ ခေတ်အဆက်ဆက်နေခဲ့တဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေပိုင်ဆိုင်တဲ့ နေရာဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အဆောက် အဦဆောက်တာတို့ ကျွန်တော်တို့ ကမန်တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ မရှိဘဲနဲ့ ကျွန်တော်တို့ သဘောထားမပါဘဲနဲ့ ကျွန်တော်တို့ကတော့ လုံးဝလက်မခံနိုင်ပါဘူး။မေး။ ။ နေအိမ်တွေ မီးရှို့ဖျက်ဆီး ခံလိုက်ရတဲ့ နေရာမှာ လူဦးရေ ဘယ်လောက်လောက်နေထိုင်လဲ။ဖြေ။ ။ ကျွန်တော်တို့ ၂ဝ၁၂ မတိုင်ခင်မှာ လူဦးရေ ၅၅ဝလောက်ရှိပါတယ်။ အဲတော့ ၂ဝ၁၂ ပြဿနာပြီးတဲ့အခါကျတော့ တဖြေးဖြေးရန်ကုန်မြို့ကို ပြောင်းရွှေ့လာတဲ့လူတွေက ၅ဝလောက်ရှိတယ်။ ၅ဝလောက်ရှိတော့ လူဦးရေပေါ့။ နောက် အဲကယ်ဆယ်ရေးစခန်းထဲမှာ ၅ဝဝလောက် နေခဲ့ပါတယ်။ မိသားစု အိမ်ထောင်စုက ကျွန်တော်တို့ အကုန်လုံး ၁၁ဝလောက်ရှိပါတယ်။မေး။ ။ ကမန်တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒကကော ဘယ်လိုရှိလဲ။ သူတို့မြေကိုပဲ လိုချင်ကျတာလား။ဖြေ။ ။ ကျွန်တော်တို့ပါတီကို ကျွန်တော်တို့ ဒေသခံ ကမန်တိုင်းရင်းသားတွေက တင်ပြလာတာရှိပါတယ်။ ဒီနေရာနဲ့ ပတ်သက်ပြီးတော့ သူတို့ဟာ လျှော်ကြေးဆိုတဲ့ ပုံစံမျိုးမဟုတ်ဘူး။ နစ်နာကြေးထောက်ပံ့ကြေးပုံစံမျိုးနဲ့ ဒီအိမ်အတွက်ပေးခဲ့တယ်။ မြေနဲ့ ပတ်သက်ပြီးတော့ လုံးဝမသက်ဆိုင်ဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကို သက်ဆိုင်ရာနိုင်ငံတော် အကြီးအကဲဆီတွေ တင်ပြပေးပါဆိုပြီးတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ လုံးဝလက်မခံနိုင်ပါဘူးဆိုပြီးတော့ တင်ပြလာတာရှိပါတယ်။ ဒေသခံတွေက သူတို့မြေတို့ ပြန်လည်ချင်တယ်ပေါ့။ မေး။ ။ ဒါနဲ့ ပတ်သက်ပြီးတော့ ပါတီအနေနဲ့ ဘယ်လိုမျိုး ဆက်လက်လုပ်ဆောင်ပေးသွားမလဲ။ဖြေ။ ။ ကျွန်တော်တို့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဖြစ်နိုင်ရင် ကျွန်တော်တို့ တွေ့ဖို့ အစီအစဉ် တစ်ခုဆောင်ရွက်နေပါတယ်။ လက်ရှိကတော့ မနေ့ကမှ ကျွန်တော်တို့က နိုင်ငံတော် အတိုင်ပင်ခံ နိုင်ငံတော် သမ္မတပေါ့။ ဒီဟာတွေကို ကျွန်တော်တို့ နိုင်ငံတော် အကြီးအကဲတွေထိ တင်ပြထားတာရှိပါတယ်။ ပြီးမှတကယ်လို့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ မရှင်းမလင်းတာတွေ ဆက်လုပ်နေမယ်ဆိုရင်တော့ ကျွန်တော်တို့က သတင်းစာရှင်းလင်းပွဲလုပ်မယ်။ နောက်တစ်ခုက ဒီပြစ်မှုကျူးလွန်ခဲ့တဲ့ လူတွေကိုထိ ကျွန်တော်တို့က အရေးယူဆောင်ရွက်နိုင်အောင် တရားဥပဒေနည်းလမ်းအရ ကျွန်တော်တို့ ဆက်လက်ပြီးဆောင်ရွက်သွားဖို့ရှိပါတယ်။မေး။ ။ ဒီလိုမျိုး ဆောက်လုပ်ဖို့ လုပ်ပိုင်ခွင့်ပေးတာက ဘယ်သူကပေးတာလဲ။ဖြေ။ ။ ကျွန်တော်တို့ အကြမ်းဖျင်းသိထားတာက ရမ်းဗြဲမြို့နယ် မဝတ ဥက္ကဋ္ဌ မဝတ ဦးစီးမှူးပေါ့။ သူကနေပြီးတော့ ရဝတ အဖွဲ့တွေကို ခေါ်ယူပြီးတော့ ဒီနေရာဟာ လျော်ကြေးပေးထားပြီးသား ဖြစ်တဲ့အတွက် ဒီနေရာမှာ မြို့တော် ခန်းမတစ်ခုဆောက်မယ်ဆိုပြီးတော့ ပြောတယ်လို့သိရပါတယ်။ ဒီအပေါ်မှာတော့ ကျွန်တော်တို့က ရမ်းဗြဲမြို့နယ် မဝတ ဥက္ကဋ္ဌ ဒီမြို့နယ် အုပ်ချုပ်ရေးမှူးက လုပ်နေတယ်ဆိုတာ ရခိုင်ပြည်နယ် အစိုးရကော သိရဲ့လား။ ဒါကတော့ ကျွန်တော်တို့လည်း အတိအကျမသိရဘူး။မေး။ ။ ဘာများဖြည့်စွက်ပြောကြားချင်တာရှိလဲ။ဖြေ။ ။ ကျွန်တော်တို့က လက်ရှိရခိုင်ပြည်နယ်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က တိုင်းရင်းသားဖြစ်တယ်။ အစ္စလာမ်ဘာသာကို ကိုးကွယ်တယ်။ တိုင်းရင်းသားဖြစ်ပြီးတော့ လက်ရှိ ၂ဝ၁၂ပြဿနာမှာ ကျွန်တော်တို့က သဘောထားကြီးစွာနဲ့ ကျွန်တော်တို့က တခြားမည်သည့် နိုင်ငံတကာအဖွဲ့ရဲ့ အကူအညီကိုမှ ကျွန်တော်တို့ယူခဲ့တာမရှိဘူး။ နိုင်ငံတကာကိုလည်း ကျွန်တော်တို့က တိုင်ကြားခဲ့တာမရှိဘူး။ ကျွန်တော်တို့ တိုင်းရင်းသားပိုင်တဲ့မြေနေရာမှာတော့ ကျွန်တော်တို့က ဒီနေရာမှာ နှစ်ပေါင်း ရာချီပြီးတော့ နေခဲ့တဲ့ နေရာတစ်ခုဖြစ်တယ်။ မီးရှို့တယ်။ မီးရှို့တယ်ဆိုတော့ ကျွန်တော်တို့က အခုဒီနေရာမှာပြန်ပြီး ဘာပဲလုပ်လုပ်ပေါ့။ ကိုယ့်တိုင်းရင်းသား အချင်းချင်း အနေအထားတစ်ခုက တင်းမာသွားတဲ့ အနေအထားတစ်ခုကို ဖြစ်ပေါ်စေတယ်။ နောက်တစ်ခုက ရခိုင်ပြည်နယ်ရဲ့ ပုံရိပ်ကိုလည်း ကျဆင်းစေတယ်။ ဒီအပေါ်မှာတော့ ကျွန်တော်တို့က ဆက်ပြီးတော့ အဆင့်ဆင့် ကျွန်တော်တို့ ဆက်ပြီးလုပ်သွားဖို့ အစီအစဉ်တွေ စီစဉ်ထားပါတယ်။

https://www.facebook.com/385165108587508/posts/1099236363847042/

Leave a Reply

Your email address will not be published.