By BBC / January / 19 / 2021
၁၉ ဇန်နဝါရီ ၂၀၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့ဆေးရုံကြီးမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိပြီးဆေးကုသမှုခံယူနေသူ အမျိုးသမီးတစ်ဦး ဟာ ဇန်နဝါရီ ၁၈ ရက် မနက် ၁ နာရီခန့်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအမျိုးသမီးဟာ ကျောက်တော်မြို့နယ် ခဘော်ကျေးရွာက အသက် ၄၃ နှစ်အရွယ် ဖြစ်ပြီး ရရှိခဲ့တဲ့ ပြင်းထန်ဒဏ်ရာတွေကို ဆေးကုသမှုခံယူနေစဉ်မှာ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ စစ်တွေဆေးရုံရောက် စစ်ဘေးသင့်ဒဏ်ရာရလူနာများ ကူညီရေးအုပ်စုက ဆရာဦးသန်းထွန်းက ပြောပါတယ်။
သေဆုံးသူဟာ ဇန်နဝါရီလ ၄ ရက်နေ့ နေ့လယ်ပိုင်းက သူနေထိုင်တဲ့ ခဘော်ကျေး ရွာမှာ ညီမဖြစ်သူနဲ့အတူ ထင်းခုတ်သွားစဉ် ရွာရဲ့အရှေ့ဘက် ၇ မိုင်ခန့်အကွာမှာ မြေမြှုပ်မိုင်းနင်းမိပြီး ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရရှိခဲ့တာ ဖြစ်ပါတယ်။
ခဘော်ကျေးရွာဟာ ကုလားတန်မြစ်ကြောင်းအတွင်းကကျေးရွာတစ်ရွာဖြစ်ပြီး ကျောက်တော်မြို့ရဲ့ အထက်ပိုင်း ကုလားတန်မြစ်အရှေ့ဘက်ခြမ်းမှာတည်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။ အဲ့ဒီကျေးရွာအနီး ပြီးခဲ့တဲ့ ၂၀၂၀ အတွင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ဖူးပါတယ်။
မိုင်းထိဒဏ်ရာပြင်းထန်တဲ့အတွက် ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကို လွှဲပြောင်းကုသခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူ ဒေါ်ခိုင်စံမေဟာ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးဖြစ်ပြီး သားသမီးသုံဦး ကျန်ရှိခဲ့တယ်လို့သိရပါတယ်။
အခုလို ကျောက်တော်မြို့နယ်အတွင်း မိုင်းနဲ့ စစ်ပွဲအတွင်းကြွင်းကျန်လက်နက်တွေပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရသူ ၁၆ ဦးအထိ ရှိနေပြီလို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။

ခဘော်ကျေးရွာအနီးဝန်းကျင်မှာ တင်းမ၊ မာလာ၊ မျောက်တောင်စတဲ့ကျေးရွာတွေတည်ရှိပြီး တိုက်ပွဲတွေဖြစ်ပွားနေချိန် အတွင်း အဲ့ဒီဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။
မိုင်းနဲ့ ကြွင်းကျန်စစ်လက်နက်ပစ္စည်းတွေပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ်အတွင်း သေဆုံးသူ ၃၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၆၆ ဦးအထိရှိနေပြီဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ မှတ်တမ်းစာရင်းတွေအရသိရပါတယ်။
- ရခိုင်မှာ စစ်ကျန် လက်နက်ခဲယမ်း ပေါက်ကွဲမှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေဆဲ
- စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေး မိုင်းရှင်းပေးဖို့ ရခိုင်လွှတ်တော်မှာ တိုက်တွန်း
- စားဝတ်နေရေး၊လုံခြုံမှု နဲ့ စစ်ကျန်မိုင်းတွေကြောင့် ရခိုင်စစ်ဘေးရှောင်တစ်သိန်းကျော် နေရပ်ပြန်ဖို့ ခက်ခဲ
ရခိုင်ကျေးလက်နေပြည်သူတွေဟာ နေထိုင်ရာဒေသတွေက တောတောင်တွေကိုမှီခိုပြီး ရုန်းကန်နေကြရသူတွေဖြစ်တဲ့ အတွက် စစ်ပွဲတွေအတွင်းထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ ကြွင်းကျန်စစ်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်တွေကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
အခုလို မြေမြှုပ်မိုင်းနဲ့ ကြွင်းကျန်စစ်လက်နက်ပစ္စည်းတွေဟာ ဒေသခံတွေအပေါ် နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်မှုတွေရှိနေတဲ့ အတွက် တိုက်ပွဲတွေပြီးဆုံးသွားပြီး နှစ်ဖက်အပစ်ခတ်ရပ်စဲရေးတွေလုပ်နိုင်လို့ရှိရင် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်တွေကို ဦးစားပေး ပြုလုပ်ဖို့လိုအပ်တယ်လို့ မိုင်းအသိပညာပေးသင်တန်းတွေ ပို့ချပေးနေတဲ့ ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဒါရိုက်တာဦးခိုင်ကောင်းစံက ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့အကြား နှစ်နှစ်ကျော်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည် ၂ သိန်းခွဲကျော်ရှိခဲ့ပြီး အဲ့ဒီထဲက ၈ သောင်းလောက်သာ နေရပ် ပြန်သွားခဲ့ကြပြီး ကျန်တဲ့ တစ်သိန်းခွဲလောက်ဟာ မိုင်းနဲ့စစ်လက်နက်ပစ္စည်းတွေရဲ့အန္တရာယ်ကို စိုးရိမ်ကြောက်လန့်ပြီး နေရပ်မပြန်နိုင်ကြသေးတာ ဖြစ်ပါတယ်။
အဲ့ဒီစစ်ဘေးဒုက္ခသည်တွေနေရပ်ကို လုံခြုံဘေးကင်းစွာပြန်နိုင်ရေးအတွက် အစိုးရအနေနဲ့ မိုင်းနဲ့ ကြွင်းကျန်စစ်လက်နက် ပစ္စည်းတွေကို ရှင်းလင်းပေးဖို့ လက်ရှိကျင်းပနေတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက စစ်ပွဲတွေအတွင်းထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေနဲ့ ကြွင်းကျန်စစ်လက်နက်ပစ္စည်းတွေကြောင့် ဒေသခံပြည်သူတွေ ဒုက္ခရောက်နေကြရတဲ့အပေါ် နားလည်ကြောင်းနဲ့ နှစ်ဖက်တပ်တွေအကြား အပစ်ရပ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးလို့ တပ်နေရာချထားရေး လုပ်ငန်းစဉ်တွေပြုလုပ်နိုင်ခဲ့လို့ရှိရင် တပ်မတော်အနေနဲ့ မိုင်းနဲ့ကြွင်းကျန်စစ်လက်နက်ပစ္စည်းတွေရှင်းလင်းရေး ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။
https://www.facebook.com/166580710064489/posts/3773683642687493/