ရခိုင်ရှိ ကျန်းမာရေးဝန်ထမ်းအားလုံးကို ယခုလနောက်ဆုံးအပတ်တွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးမည်

By Development Media Group / 2021 January 22

ကျော်သူဌေး

ရခိုင်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း လေးထောင့်သုံးရာဦးကို ယခုလ နောက်ဆုံးအပတ်ဖြစ်သော ဇန်နဝါရီ ၂၇ ရက်နေ့တွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနိုင်ရန် စီစဉ်နေကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။အိန္ဒိယနိုင်ငံက မှာယူထားသည့် ကိုဗစ်ကာကွယ်ဆေးသည် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ရောက်ရှိမည် ဖြစ်ကာ ယင်းကာကွယ်ဆေးရောက်ရှိလာပါက ရခိုင်ပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်း လေးထောင့်သုံးရာဦးကို ထိုးပေးနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။“မြန်မာနိုင်ငံကိုရောက်ပြီး တစ်ရက်၊နှစ်ရက်အတွင်း ဒီကိုရောက်လာမှာပါ။ အဲတော့ ဒီလ ၂၇ ရက်မှာ ဝန်ထမ်းတွေကို ထိုးနိုင်ဖို့အတွက် ကျွန်တော်တို့ Plan လုပ်နေတယ်။ ရန်ကုန်တိုင်းမှာ ထိုးတဲ့အချိန် ကျွန်တော်တို့ ရခိုင်မှာလည်း ထိုးနိုင်ဖို့လုပ်နေတယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ရန် အသက် ၁၈ နှစ်အောက်ကလေးများမှအပ ကျန်သည့် ပြည်သူများအားလုံးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းစတင်ကောက်ယူနေကြောင်းလည်း သိရသည်။မြန်မာနိုင်ငံအတွင်းသို့ ကာကွယ်ဆေးများရောက်ရှိပါက ပထမဦးစားပေးအစုအဖွဲ့ဖြစ်သည့် ကျန်းမာရေး ဝန်ထမ်းများကို စတင်ထိုးပေးမည်ဖြစ်ပြီး ဒုတိယဦးစားပေးအဖြစ် အသက် ၆၅ နှစ် အထက်ရှိသည့် သက်ကြီး ရွယ်အိုများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးကို ပထမနှစ် ၂၀၂၁ ခုနှစ်တွင် နိုင်ငံ၏လူဦးရေ ၂၀ ရာခိုင်နှုန်းထိုးပေးရန် လျာထားပြီး ၂၀၂၂ ခုနှစ်တွင် ကျန်ရှိသည့်လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကို ထိုးပေးနိုင်ရန်လျာထားသည်။အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးသည် ကိုဗစ်ကို ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်းသိရပြီး တရုတ်နိုင်ငံမှလည်း ကျပ်သန်း ၆၀၀ ကျော်တန်ဖိုးရှိသည့် ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၃ သိန်းကို မြန်မာနိုင်ငံသို့ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှစတင်ပြီး ကိုဗစ်ကူးစက်ပြန့်ပွားမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကူးစက် ခံရသူစုစုပေါင်း တစ်သိန်းသုံးသောင်းငါးထောင်ကျော်ရှိခဲ့သည်။ ယင်းအထဲမှ သေဆုံးသူ နှစ်ထောင့်ကိုးရာကိုးဆယ့်ခုနှစ်ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ရခိုင်ပြည်နယ်တွင် လက်ရှိကိုဗစ်ကူးစက်ခံထားရသူ ၂၈ ဦးသာကျန်ရှိတော့ကြောင်း ကိုဗစ်ဗဟိုတိုက်ဖျက်ရေး အဖွဲ့၏ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောဆိုထားသည်။

https://www.facebook.com/466648543487562/posts/1926495300836205/

Leave a Reply

Your email address will not be published.