By Narinjara / January / 13 / 2021
ဇော်ဝင်းဌေး( ငခူချောင်း)နိရဉ်စရာ၊ ဇန်နဝါရီ ၁၃/ ၂ဝ၂၁
ရခိုင်ပြည်နယ်တွင် မြို့ ၂၈ မြို့ရှိရာတွင် မြို့ ၂၃ မြို့နှင့် ကျေးရွာပေါင်း ၂၁၂၇ ရွာ၌ နိုင်ငံတော် ဓာတ်အားပေးစနစ်မှ ၂၄ နာရီ ဓာတ်အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှ ရခိုင်ပြည်နယ်လွှတ်တော်တွင် ပြောဆိုသည်။ထိုသို့ သုံးစွဲနိုင်ရန် ပြည်နယ်အသုံးစရိတ် ကျပ်သန်း ၉၆၁ဝ၃.၈၇ နှင့် ပြည်ထောင်စုအသုံးစရိတ် ကျပ်သန်း ၈၄၆.၅၃ သုံးစွဲခဲ့ဟု ဝန်ကြီးချုပ်ကဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဓာတ်အားစနစ်နှင့် အခြားသောနည်းလမ်းများဖြင့် မီးသုံးစွဲသူအိမ်ထောင်စုမှာ ၂ဝ၁၉ နိုဝင်ဘာလမှာ ၅ဝ% ပြည့်မြောက်ခဲ့ပြီး ၂ဝ၂ဝ ဒီဇင်ဘာလအထိ ကျေးရွာပေါင်း ၂၁၂၇ ရွာ လျှပ်စစ်တိုးတက်သုံးစွဲနိုင်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်အတွင်းတွင် လျှပ်စစ်ဓာတ်အား လွှမ်းခြုံမှုအနေဖြင့် ကျေးရွာများ၏ ၅၆.၈၄% နှင့် အိမ်ထောင်စုများအနေနဲ့ ၆၃.၈၇% သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
“ဒေသတစ်ခုခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝအဆင့်အတန်းမြင့်မားလာစေဖို့ ဆောင်ရွက်ကြရာမှာ လျှပ်စစ်ကဏ္ဍဟာ အဓိကကျတယ်။ လျှပ်စစ်ကဏ္ဍတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့မှာလည်း ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်လာမယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်မှာ လျှပ်စစ်ကဏ္ဍပြောင်းလဲမှုများ အနေနဲ့ ယခင်အစိုးရလက်ထက်က သံတွဲမြို့နယ်၊ ငပလီမြို့၊ တောင်ကုတ်မြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ၊် မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်စသည့် မြို့နယ် ၉ မြို့နှင့် မြို့၁ မြို့မှသာ နိုင်ငံတော် ဓာတ်အားပေးစနစ်မှ လျှပ်စစ်မီး ဖြန့်ဖြူးနိုင်ခဲ့သည်ဟု ဆိိုသည်။လက်ရှိ NLD အစိုးရသစ်လက်ထက်တွင် မအီမြို့၊ မင်းပြားမြို့နယ် ၊ဂွမြို့နယ်၊ ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်၊ တပ်တောင်မြို့၊ ကမ်းထောင်းကြီးမြို့၊ တန်းလွဲရွာမမြို့၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ကျိန္တလီမြို့၊ စနဲမြို့စသည့် မြို့ရ မြို့နယ်နှင့် မြို့ ၆ မြို့ကို ဓာတ်အား ရရှိရေး အတွက် ထပ်မံဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဦးညီပုမှ ဆက်ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာ/အခွန်/စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက “လျှပ်စစ်ကဏ္ဍကို တင်ပြရရင် ပြည်ထောင်စုနဲ့ ပြည်နယ် ရန်ပုံငွေ နှစ်ခု စလုံးက နေပြီးတော့ လျှပ်စစ်ကဏ္ဍကို ဖွံ့ဖြိုး တိုးတက်အောင် တတ်နိုင်သမျှ လုပ်ဆောင်ပေးခဲ့နိုင်ပါတယ်။ ရခိုင်ပြည်နယ်တွင် ၅ နှစ်တာကာလအတွင်း လျှပ်စစ်ကဏ္ဍ၌ ပြည်နယ်အသုံးစရိတ် ကျပ်သန်း ၉၆၁ဝ၃.၈၇ နှင့် ပြည်ထောင်စုအသုံးစရိတ် ကျပ်သန်း ၈၄၆.၅၃ သုံးစွဲခဲ့ပါတယ်”ဟု ပြည်နယ်လွှတ်တော်တွင် ပြောကြားခဲ့သည်။
https://www.facebook.com/151742128171206/posts/3955342204477827/