ရခိုင်မြောက်ပိုင်းနှင့် ပလက်ဝမြို့တို့တွင် 4G အင်တာနက် အမြန်နှုန်းမဖွင့်ပေးသည့်အပေါ် အစိုးရတစ်ရပ်အနေဖြင့် ဖြေရှင်းချက်ပေးရန်လိုအပ်

By Western News/ 2021 January 29

ခင်သီတာ

ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့တွင် လက်ရှိအချိန်ထိ 4G အင်တာနက်အမြန်နှုန်း လက်ရှိအချိန်ထိ ဖွင့်မပေးသည့် အပေါ် အစိုးရတစ်ရပ်အနေဖြင့် ခိုင်လုံသော အကြောင်းပြချက်တစ်ခုကို အများပြည်သူသိအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းနှင့် လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။နည်းပညာခေတ်ထဲတွင် အင်တာနက်ဖြတ်တောက်ထားခြင်းမှာ လူ့အခွင့်ရေးချိုးဖောက်မှုဖြစ်ပြီး၊ ၂ နှစ်နီးပါးထိ အင်တာနက်ဖြတ် တောက်ထားပြီး 2G အင်တာနက်ဖြင့် အဆင်မပြေသည်ကို သိသော်လည်း ယခုထိ အင်တာနက်ဖြတ်တောက်ထားခြင်းမှာ အစိုးရ တစ်ရပ်အနေဖြင့် ဂုဏ်သိက္ခာထိခိုက်ပြီး ပိတ်ထားရသည့် အကြောင်းရင်းကို ပြည်သူများကို ဖြေရှင်းချက်ပေးရန်လိုအပ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဦးဖေသန်းကပြောသည်။ “နည်းပညာခေတ်ထဲမှာ အင်တာနက်ကိုဖြတ်တောက်ထားတာဟာ တစ်နည်းပြောရရင် လူ့အခွင့်အရေးချိုး ဖောက်မှုတစ်ခုအဖြစ်မှတ် ယူလို့ရတယ်။ ဘာကြောင့် ၂ နှစ်နီးပါးထိအင်တာနက် ဖြတ်တောက်ထားတာလဲ။ 2G အင်တာနက်နဲ့ အဆင်မပြေမှန်းသိရက်သားနဲ့ တမင်သက်သက်လုပ်ထားတာကတော့ နိုင်ငံတော်အစိုးရရဲ့ဂုဏ်သိက္ခာကျဆင်းသလို လူ့အခွင့်အရေးချိုးဖောက်မှုလည်းဖြစ်တယ်။ ဘာကြောင့် ပိတ်ထားရသလဲဆိုတာကို အစိုးရက ဖြေရှင်းချက် တစ်ရပ်ပေးဖို့ လိုတယ်။အင်တာနက်ဖြတ်တောက်တာဟာ သတင်းအမှောင်ချခံရတာလည်းဖြစ်တယ်”ဟုပြောသည်။အင်တာနက်ဖြတ်တောက်ထားခြင်းမှာ သတင်းအမှောင်ချထားခြင်းဖြစ်သလို ပြည်သူများ၏ လူနေမှုဘဝကိုလည်းထိခိုက်စေသည့် အတွက် အစိုးရကောင်းတစ်ရပ် အနေဖြင့် ယခုလိုအင်တာနက် ဖြတ်ထားခြင်းကို မလုပ်ဆောင်သင့်ကြောင်လည်းပြောဆိုသည်။အင်တာနက်ကို ၂ နှစ်ကျော်အထိဖြစ်တောက်ထားသည့်အတွက် အင်တာနက်ဖြတ်တောက်ခံရသည့် ဒေသများမှ ဒေသခံပြည်သူများမှာ သတင်းအမှောင်ချခံရမှု၊ စီးပွားရေး၊ ပညာရေးအပြင် ကျန်းမာရေးနှင့် ပတ်သတ်၍များစွာ အခက်အခဲများရှိနေကြောင်း ဝန်လက်ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောသည်။“အင်တာနက်ကို ၂ နှစ်နီးပါးထိဖြတ်တောက်ထားတာဟာ လူ့ခွင့်အရေးချိုးဖောက်ခံရတာဖြစ်တယ်။ အင်တာနက် ဖြတ်တောက်ခံထား ရတဲ့ ဒေသကပြည်သူတွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်ရတယ်။ ပြီးတော့ ကျောင်းသား/သူတွေပေါ့နော်။ ပညာရေးတွေမှာ ထိခိုက်ရတယ်။ အင်တာနက် အမြန်နှုန်းပိတ်ထားတော့ အွင်လိုင်းကနေ စာပေတွေ သင်ယူလို့မရဘူး။ ပညာရေးမှာ ဆုံးရှုံးမှုတွေ ဖြစ်သွားတယ်။ ပြီးတော့ ခုလက်ရှိ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ကိုဗစ်ရောဂါနဲ့ ပတ်သတ်ပြီး ကျန်းမာရေး အသိပေးတာတွေဘာမှ သိခွင့်မရဘူး။ ဆိုတော့ ဒါတွေဟာ ပြည်သူတွေ အတွက် လုံးဝ လူ့အခွင့်အရေးချိုးဖောက်ခံရတာဖြစ်တယ်။ ပြီးတော့ သတင်းအချက် အလက်တွေရယူ မှုတွေမှာလည်း အခက်အခဲဖြစ်တယ်။ ခုလိုမျိုး လူ့အခွင့်အရေးကိုချိုး ဖောက်ခံနေရတာနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကလည်း သိဖို့လိုတယ်။ပြီးတော့ ကုမ္ပဏီတွေပေါ့။ တယ်လီနောတို့ အူရီဒူးတို့လို့ ကုမ္ပဏီ တွေက လည်းသိဖို့လိုတယ်ပေါ့နော်”ဟုပြောသည်။ဝံလက်ဖောင်ဒေးရှင်မှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံအနေဖြင့် အင်တာနက်အမြန်နှုန်းရရှိရေးအတွက် သက်ဆိုင်ရာ အစိုးရကို “လူစိတ်ရှိပါက အင်တာနက်ပြန်ဖွင့်ပေးပါ” ဟူသော စာသားဖြင့် မိမိအကောင့်တွင် တစ်နေ့ နှစ်ကြိမ် ပို့စ်တင်ကာ ကမ်ပိန်း ပြုလုပ်နေသူ တစ်ဦးဖြစ်သည်။အင်တာနက် ပိတ်ထားခြင်းနှင့် ပတ်သက်ပြီး ရခိုင်မြောက်ပိုင်းတွင် ငြိမ်းချမ်းရေးဖြစ်စဉ်များ အရှိန်ရလာသည် နှင့်အမျှ ပိတ်ပင်ထားမှုများ ဖြေလျော့ လာနိုင်ကြောင်းနှင့် AA အဖွဲ့နှင့် တပ်မတော်တို့ဆွေးနွေးမှုများအရ လုံခြုံရေးတိုးတက်လာသည့် အကြောင်း တပ်မတော်မှ တရားဝင်အကြောင်းကြားသည့်အခါ အစိုးရအနေဖြင့် အင်တာနက်ပြန်လည်ဖွင့်ပေးနိုင်ကြောင်း အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ် NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ပြောသည်။“ကျွန်တော်တို့ဟာ ဒီရခိုင်ပြည်မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအရှိန်ရလာတာနဲ့အမျှ ပိတ်ပင်ထားမှု တွေဖြေလျော့လာ နိုင်တယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ဒါပေမယ့် အဓိကကတော့ AA အဖွဲ့နဲ့ တပ်မတော် တို့ကြားဆွေးနွေးချက်တွေရှိလာတယ်။ အဲဒီဆွေးနွေးချက်တွေအရ လုံခြုံရေးတိုးတက်မှုတွေရှိတဲ့ အကြောင်း တပ်မတော်ကတရားဝင်အကြောင်းကြားလာတဲ့အခါ အစိုးရအနေနဲ့ လုပ်ဆောင်လာဖို့ ပိုပြီးတော့ ဖြစ်လာနိုင်ပါတယ်ခဗျာ” ဟုပြောသည်။လက်ရှိတွင် နိုင်ငံရေးက နည်းနည်း ရှုပ်ထွေးနေသည့်အခြေအနေဖြစ်သည့်အတွက် အရေးကြီးသည့် ကိစ္စရပ်များလုပ်ဆောင်နေရသည့် အတွက် နားလည်ပေးစေလိုကြောင်းနှင့် ငြိမ်းချမ်းရေးတိုးတက်လာသည့်အမျှ ရခိုင်မြောက်ပိုင်းအခြေအနေလည်း တိုးတက်လာ နိုင်ကြောင်း၎င်းကဆက်ပြောသည်။အင်တာနက်အမြန်နှုန်းပြန်လည်အသုံးပြုခွင့်ပေးရန် ပြည်နယ်အစိုးရမှ ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အဆိုကိုလည်း ရခိုင်လွှတ်တော်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့က အတည်ပြုခဲ့ပြီးဖြစ်သည်။ရခိုင်ပြည်နယ်မှ မြို့နယ် (၈) မြို့ဖြစ်သည့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ စ၍ အင်တာနက်ဖြတ်တောက်ထားခဲ့ပြီး မောင်တောမြို့နယ်ကို ၂၀၂၀ ခုနှစ်မေလ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့သည်။ကျန် ၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် ၂၀၂၀ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် 2G အင်တာနက်အဆင့် သာဖွင့်ပေးခဲ့သည်။ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် ရခိုင်ဒေသတွင် စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားမှု မရှိစေ ရန်အတွက် အင်တာနက်ဖြတ်တောက်ထားရခြင်းဖြစ်ကြောင်း ၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ၂၁ ရက်နေ့မှ ယနေ့ထိ အင်တာနက်အမြန်နှုန်းကိုဖြတ်တောက်ထား သည်မှာ ၁ နှစ်နှင့် ၇ လကျော်ထိ ထိမြင့်ခဲ့ပြီဖြစ်သည်။ယင်းကာလအတွင်း အရပ်ဘက်အဖွဲ့အစည်းများ ၊ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အင်တာနက် မြန်နှုန်းပြန်လည် ဖွင့်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း အစိုးရအနေဖြင့် လက်ရှိအချိန်ထိ ပြန်လည် ဖွင့် ပေးခြင်းမရှိသေးပေ။

Western News- WN

https://www.facebook.com/102405104899336/posts/220808773058968/

Leave a Reply

Your email address will not be published.