By BBC/ 2021 January 12

ငါးနှစ်တာအတွင်း လွှတ်တော်ရဲ့ဆောင်ရွက်ချက်တွေကို အကောင်အထည်မဖော်နိုင်တဲ့ အစိုးရကို အားရကျေနပ်မှုမရှိ
မကြာခင်ပြီးဆုံးတော့မယ့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာ ပြည်နယ်အတွက် ကြိုးစားလုပ်ကိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တင်သွင်းခဲ့တဲ့အဆိုတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်နိုင်ခဲ့ခြင်းမရှိတဲ့အတွက် အစိုးရအပေါ် အားရကျေနပ်မှုမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ်လွှတာ်တော်ဟာ အစိုးရအဖွဲ့ကို တစ်စုံတစ်ရာထိန်းကျောင်းနိုင်ခဲ့တဲ့ လွှတ်တော်တစ်ခုဖြစ်ခဲ့ပေမယ့် အစိုးကနေပြီးတော့ လွှတ်တော်ကတင်သွင်း အတည်ပြုခဲ့တဲ့အဆိုတွေနဲ့ပတ်သက်လို့ အနည်းအကျဉ်းပဲဆောင်ရွက်ပေးခဲ့တာဟာ ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် စိုးရကိုလွှတ်တော်က ထိန်းကျောင်းသင့်သလောက် မထိန်းကျောင်းနိုင်ခဲ့ဘူးလို့ စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက ထောက်ပြပြောဆိုပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကို စိန်ခေါ်မှုတွေကြားမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့နည်းတူ ကတိကဝတ်ပြုထားတဲ့ ၆၁၉ ခုအနက် ၁၅၉ ကိုသာ ရန်ပုံငွေရရှိတဲ့အနေအထားအရ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်းနဲ့ ကျန်ရှိတဲ့ကတိကဝတ်တွေကို အစိုးရသစ်ကိုဥပဒေနဲ့အညီလွှဲ ပြောင်းပေးသွားမယ်လို့ ဒီကနေ့မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ငါးနှစ်တာကာလအတွင်း ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့တဲ့အဆိုတွေထဲက အတည်ပြုခဲ့တဲ့အဆိုပေါင်း ၆၀ လောက်ရှိပြီး အဲ့ဒီထဲက သုံးဆယ်လောက်ကိုသာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သလို တချို့အဆိုတွေကို လုပ်မပေးနိုင်ဘူးလို့ ငြင်းဆိုတာတွေလည်းရှိခဲ့တယ်လို့ ဦးကျော်ဇောဦးက ပြောကြားပါတယ်။
ရခိုင်ပြည်နယ်မှာ လွှတ်တော်နဲ့ အစိုးရအဖွဲ့တို့ဟာ ပါတီလွှမ်းမိုးမှုမတူကြတာကြောင့် ကွဲလွဲမှုတွေရှိခဲ့ပြီး စိုးရအနေနဲ့ ပါတီစွဲ နိုင်ငံရေးအစွဲတွေမထားဘဲ လွှတ်တော်ကိုလွှတ်တော်လို့သဘောထားပြီး ဆောင်ရွက်ခဲ့မယ်ဆိုလို့ရှိရင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးလာမှာဖြစ်တယ်လို့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်မှာ ကြံ့ခိုင်ရေးအစိုးရဟာ လွှတော်အပေါ်ပိုပြီးတော့ အလေးထားဆောင်ရွက်ခဲ့တာကိုတွေ့ရပြီး ပါတီအချင်းချင်းလည်း ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့တယ်လို့ သူ့ရဲ့အတွေ့အကြုံတွေကို ထောက်ပြပြောဆိုပါတယ်။