ရခိုင်ပြည်နယ်တွင် အမုန်းစကားရပ်တန့်ရန် လှုပ်ရှားမှုပြုလုပ်

By Development Media Group / 2021 January 23

ဉာဏ်ဟိန်း၊ အောင်ကောင်းဇော်

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အမုန်းစကားရပ်တန့်ရေးလှုပ်ရှားမှုတစ်ရပ်ကို Women’s Network Rakhine State အဖွဲ့မှဦးဆောင်ပြီး ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။လူမျိုးရေးကိုအခြေခံသော အမုန်းစကားများရပ်တန့်ပေးရန်၊ ကိုးကွယ်ယုံကြည်မှုကိုအခြေခံသော အမုန်းစကားများ ရပ်တန့်ပေးရန်၊ မွေးဖွားရာ၊နေထိုင်ရာအရပ်ဒေသကို အခြေခံသောအမုန်းစကားများ ရပ်တန့်ပေးရန်၊ လိင်ကွဲပြားမှုကိုအခြေခံသောအမုန်းစကားများ ရပ်တန့်ပေးရန်နှင့် လူအချင်းချင်း ကွဲပြားခြားနားစေသောအမုန်းစကားများ ရပ်တန့်ပေးရန် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။Women’s Network Rakhine State(Sittwe)မှ တာဝန်ရှိသူ ဒေါ်မိုးမိုးအေးက “လူထု အကြားမှာ အေးချမ်းသာတဲ့ဘဝကိုရပ်တည်နိုင်ဖို့အတွက် အမုန်းစကားတွေ ပပျောက်အောင်၊ အဓိက လူမှုအဖွဲ့အစည်းမှာ အမုန်းစကားတွေကြောင့် လူမှုရေးပဋိပက္ခတွေဖြစ်တယ်၊ နောက်ပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေမှာလည်း မလိုအပ်တဲ့ပြသာနာတွေဖြစ်တယ်၊ အဲဒါကြောင့်ပါ” ဟု ပြောသည်။အဆိုပါ အမုန်းစကားရပ်တန့်ရေး လူထုလှုပ်ရှားမှုကမ်ပိန်းတွင် ရခိုင်၊ မာရမာကြီးနှင့် ဟိန္ဒူတို့ ပါဝင် ခဲ့ကြကြောင်း သိရသည်။ရခိုင်ပြည်နယ်အတွင်း ပြည်သူများအနေဖြင့် ပါတီစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲအယူဝါဒများကို တစ်ဦးနှင့် တစ်ဦး အမုန်းပွားစေရန် Online မှဖြန့်ဝေမှုများ အများအပြားရှိနေပြီး လူတစ်ဦးနှင့်တစ်ဦး သဟဇာတ ဖြစ်ကာ ငြိမ်ချမ်းရေးပိုင်းကိုဖော်ဆောင်နိုင်ရန် ကမ်ပိန်းပြုလုပ်ရခြင်းဖြစ်ကြောင်း Women’s Network Rakhine State(Man-Aung)မှ တာဝန်ရှိသူ ဒေါ်မရွှဲက ပြောသည်။“ဒီအမုန်းစကားပြန့်ပွားရတဲ့အထဲမှာ စာအရေးအသားဆိုတာထက် Social media တွေက ဖြန့်ဝေတာ ပိုများပါတယ်။ အဓိကတော့ facebook အကောင့်တုတွေက လူတွေကနေတဆင့် အကောင့်တု သုံးပြီးတော့ share တဲ့ဟာတွေပေါ့။ အမုန်းစကားပြန့်ပွားရတာက ဒီလို facebook ကိုင်သုံးတဲ့ လူတွေဆီကနေ share အပေါ်မှာမူတည်ပြီးတော့ ပြန့်ပွားသွားတဲ့အရာတွေရှိတယ်”ဟု ၎င်းက ဆိုသည်။ကမ်ပိန်းပြုလုပ်ရာတွင်ပူးပေါင်းပါဝင်ခဲ့သည့် မာန်အောင်ဒေသခံ မမေမြတ်ဖြိုးက “ရွေးကောက်ပွဲ ကာလမှာ အမုန်းစကားပြန့်ပွားမှုက ၈၀ ရာခိုင်နူန်းရှိတယ်လို့ကျမမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါတီတွေ ဘက်လိုက်မှုတွေ တအားတွေ့ရတယ်။ အဲဒါကြောင့်လည်း အမုန်းစကားများတယ်လို့ ကျမကထင်ပါတယ်” ဟု ဆိုသည်။အမုန်းစကားရပ်တန့်ရေးလှုပ်ရှားမှုကို ရခိုင်ပြည်နယ်အတွင်းက အခြားမြို့နယ်များတွင်လည်း ပြုလုပ် ခဲ့ကြကြောင်း Women’s Network Rakhine State အဖွဲ့မှ သိရသည်။

https://www.facebook.com/466648543487562/posts/1927431260742609/

Leave a Reply

Your email address will not be published.