စစ်ဘေးရှောင်သူတို့ ပြန်မည့်ဒေသတွင် မိုင်းရှင်းပေးရန် ရခိုင်ပြည်နယ်အမတ်တစ်ဦးက အစိုးရကို တိုက်တွန်းလိုက်သည်
By Myanmar now/ 2021 January 12
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ ရပ်တန့်နေသော်လည်း စစ်ဘေးရှောင်များ အန္တရာယ်ကင်းစွာ နေရပ်ပြန်နိုင်ရေး မိုင်းရှင်းလင်းခြင်း ပြုလုပ်ပေးရန် ရခိုင်ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်း၍ အစိုးရကို တိုက်တွန်းလိုက်သည်။
ပြည်နယ်တွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေခဲ့ရသည့် စစ်ဘေးဒုက္ခသည်များ လုံခြုံအေးချမ်းစွာဖြင့် ၎င်းတို့နေရပ်သို့ ပြန်လည်သွားရောက်နေထိုင်နိုင်ရေးအတွက် ပြည်နယ်အစိုးရက ထိရောက်သော အကူအညီများပေးသင့်ကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ယနေ့ (ဇန်နဝါရီ ၁၂) အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။
“လက်ကျန်မြေမြှုပ်ဗုံးဒဏ်ကြောင့် သေဆုံး၊ ဒဏ်ရာရ ၊ခြေလက်အင်္ဂါဆုံးရှုံးရသူများ တစ်နေ့တခြား တိုးပွားလျက်ရှိလာနေတာကို လက်ရှိအစိုးရအဖွဲ့အနေဖြင့် ကြားသိ၊ မြင်သိနေရသကဲ့သို့ တိုက်ပွဲရှောင် ပြည်သူများမှာလည်း ကြောက်ရွံ့စိုးရိမ်စိတ်တွေ တိုးပွားလာစေပါတယ်။ ဒါကြောင့် ကိုယ့်ရွာကို ပြန်လိုကြတဲ့ တိုက်ပွဲရှောင်တွေမှာ မပြန်နိုင်ဘဲ ကျန်ရှိနေကြောင့်လည်း သိရှိရပါတယ်” ဟု ဦးသန်းနိုင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေးအကျိုးဆောင် မစ္စတာဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် နိုဝင်ဘာလလယ်မှစတင်ကာ တိုက်ပွဲရပ်တန့်နေသလို အစိုးရနှင့် AA ကြားတွင်လည်း ပဏာမ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးရန် နီးစပ်နေသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် မြို့နယ်များတွင် မိုင်းရှင်းလင်းရေးပြုလုပ်ရန် လိုအပ်သည်ဟု ဦးသန်းနိုင်က ဆိုသည်။
“အရင်တုန်းက မိုင်းလင်းရှင်းတာတွေ မရှိခဲ့ဘူး။ ဒါကြောင့် ဒီအဆိုကို တင်သွင်းရတာ။ အရေးကြီးလိုအပ်တယ်။ အစိုးရမှာလည်း BEတပ် (အင်ဂျင်နီယာတပ်) က အဆင်သင့်ရှိတာကြောင့် မိုင်းရှင်းလင်းဖို့ဆိုတာက လုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ မရှင်းလင်းနိုင်ရင်တော့ လူတွေ နေရပ်မပြန်နိုင်ဘဲ ဖြစ်နေမယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။
မိုင်းနှင့် လက်နက်ကြီးကျည်များကို မရှင်းလင်းနိုင်သောသေးကြောင့် ဇန်နဝါရီ ၁၀ တွင် မင်းပြားမြို့နယ် စပါးထားကျေးရွာ၌ ဗုံးသီးဟောင်းတစ်လုံးကို ကောက်ယူထုခွဲရာမှ အမျိုးသမီးတစ်ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိသွားသည့် ဖြစ်ရပ်လည်းရှိရာ မိုင်း၊ ဗုံးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများကို အသိပညာပေးရန်လည်း လိုအပ်သည်ဟု ဦးသန်းနိုင်က ဆက်လက်ပြောသည်။
ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်ကမူ နှစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့များကြား ငြိမ်းချမ်းရေးဆွေးနွေးမှု ပြေလည်မှသာလျှင် မိုင်းလင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဟု Myanmar Now ကို ပြောသည်။
“တပ်ဘက်ကတော့ ရှင်းပေးဖို့ အဆင်သင့်ပဲ။ ငြိမ်းချမ်းရေးအတွက်လည်း တပ်ချုပ်ကြီးကိုယ်တိုင် ပြောထားတယ်။ လက်ကမ်းကြိုဆိုလျက်၊ ဆွေးနွေးမယ်၊ လာခဲ့၊ အခုဆွေးနွေးဖို့လည်း အစိုးရက ဖိတ်ထားတယ်၊ အဲဒီမှာ တွေ့မယ်၊ လက်မှတ်ထိုးမယ်၊ တပ်နေရာချထားမှုကအစ သဘောတူညီမှုတွေ ပါလာမှာ။ အဲဒါဆိုရင် (မိုင်းရှင်းလင်းရေး) ရပြီလေ။ အဲလိုတရားဝင်ဖြစ်ပြီဆိုရင် သူ့နေရာသူနေ၊ သတ်မှတ်တဲ့နေရာတွေ ရှိမှာပေါ့” ဟု ဗိုလ်မှူးကြီးမင်းသန့် ဆိုသည်။
စစ်ရေးပဋိပက္ခကာလအတွင်း မီးရှို့ခံခဲ့ရသော ရပ်ရွာများတွင် အိုးအိမ်အသစ် ပြန်လည်တည်ဆောက်နိုင်ရေးကိုလည်း အစိုးရက တာဝန်သိစွာ လုပ်ဆောင်ပေးသင့်သည်ဟု ဦးသန်းနိုင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
“ဘေးကင်းလုံခြုံစွာနဲ့ ကိုယ့်နေရပ်ကိုယ် မိုးမကျမီ ပြန်နိုင်ရေးကို စီစဉ်ပေးနိုင်မှ အခု မိုးရာသီမကျမီ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်လယ်မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ အသင့်အနေအထား ဖြစ်နေမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ နှစ်ကုန်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ ၂၀၀,၀၀၀ ကျော်ရှိသည့်အနက် တိုက်ပွဲများရပ်တန့်နေချိန်တွင် ၈၀,၀၀၀ ခန့် နေရပ်ပြန်သွားကြပြီဖြစ်သည်။
https://www.facebook.com/518067831674293/posts/1988497487964646/