By Khit Thit/ 2021 January 20

Photo Credit – RHGP
ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိသော မြို့နယ် ၉မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ပါက မွတ်စလင်များကို ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်နှင့် မဲထည့်ခွင့်ရရှိရေး ဆောင်ရွက်ပေးရန် မလေးရှားနိုင်ငံအခြေစိုက် AIC ( Arakan Information Center) အဖွဲ့က ဇန်နဝါရီ ၁၈ရက်နေ့ တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုတိုက်တွန်းလိုက်သည်။ “ ရခိုင်ပြည်၏ စည်းလုံးညီညွတ်သော မတူကွဲပြားသည့် အသိုင်းအဝန်းများ ထုတ်ပြန်ကြေညာချက် ” ဟု ဖော်ပြထားပြီး ယင်းကြေညာချက် ထုတ်ပြန်နိုင်ရန် ရခိုင်၊ မွတ်စလင် (ရိုဟင်ဂျာ) နှင့် လူနည်းစုအသိုင်းအဝန်းများ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ စတင်ကာ အစည်းအဝေးများကျင်းပခဲ့ကြောင်း၊ ထိုအစည်းအဝေးများတွင် ပါဝင်တက်ရောက်ကြသူများ၏ သဘောတူညီချက်များဖြင့် ယင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။“ မကြာသေးမီကာလက အထွေထွေရွေးကောက်ပွဲတွင် ချန်လှပ်ခြင်းခံခဲ့ရသော မြို့နယ်များ၊ ကျေးရွာ ရပ်ကွက်များတွင် တရားမျှတပြီး လွတ်လတ်သောရွေးကောက်ပွဲ (သို့မဟုတ်) ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနှိုင်ရေး ကြိုးစားချက်များကို ထောက်ခံကြိုဆိုပါသည်။ ထိုရွေးကောက်ပွဲများတွင် ရခိုင်ပါတီများ၊ ပြည်မအခြေခံပါတီများသာမက အခြားလူမျိုးစုပါတီများ၊ မွတ်စလင် (ရိုဟင်ဂျာ) နိုင်ငံရေး ပါတီများ လွတ်လတ်စွာပါဝင် ယှဉ်ပြိုင်ခွင့်ပြု့ရန်တောင်းဆိုသည်။ ပယ်ဖျက်ခံထားရသော ပါတီများကို ပြန်လည်မှတ်ပုံတင်ခွင့်ပေးရန်နှင့် မွတ်စလင်များကို ရွေးကောက်ပွဲအားလုံးတွင် လွတ်လပ်စွာ မဲပေးပိုင်ခွင့်အပြည့်အဝပေးရန် အာဏာပိုင်များကို တိုက်တွန်းအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ခွင့်ရရှိရေး၊ ရခိုင်ပြည်နယ်ရှိ မွတ်စလင်များနှင့် ကမန်တိုင်းရင်းသားများကို နိုင်ငံသားရပိုင်ခွင့် အခွင့်အရေး ရရှိရေးတို့ကိုပါ ယင်းထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။“ လက်ရှိကာလတွင် ရခိုင်ပြည်ရှိ မွတ်ဆလင် ကျောင်းသား ကျောင်းသူများအား တက္ကသိုလ်၊ ကောလိပ်နှင့် အဆင့်မြင့်ပညာသင်ကြားခွင့်များကို ပိတ်ပင်ထားပါသည်။ အာဏာပိုင်များအနေဖြင့် ထိုပိတ်ပင်ထားမှု အားလုံးကို အမြန်ဆုံးရုပ်သိမ်းပေးရန်နှင့် မွတ်စလင်ကျောင်းသူ ကျောင်း သားများကို ခွဲခြားဆက်ဆံမှုမရှိဘဲ လွတ်လပ်စွာ ပညာသင် ကြားခွင့်ပေးရန် တညီတညွတ် တည်းတောင်းဆိုသည်။ လက်ရှိအခြေအနေတွင် ရခိုင်ပြည်ရှိ မွတ်စလင်များ၊ ကမန်အသိုင်းအဝန်းများ၏ နိုင်ငံသားရပိုင်ခွင့် အခွင့်အရေးများကို တင်းကျပ်စွာ ပိတ်ပင်တားဆီထားသည်ကိုတွေ့မြင်နေရပါသည်။ ဤကဲ့သို့သော အခြေခံနိုင်ငံသားရပိုင်ခွင့် အခွင့်အရေးများကို ပိတ်ပင်တားဆီးခြင်းသည် တရားမျှတမှုမရှိသည့် လုပ်ရပ်များဖြစ်ကြောင်း ရှုမြင်သည်။ အာဏာပိုင်များမှ ဘာသာရေး၊ လူမျိုးရေးတွင်အခြေခံပြီး နိုင်ငံသားရပိုင်ခွင့် အခွင့်အရေးများကို အခြေခံသည့်မူဝါဒကို အမြန်ဆုံးရုတ်သိမ်းပေးရန်နှင့် နိုင်ငံသား ဖြစ်ခွင့်နှင့် ရရှိပြီးနိုင်ငံသားများကို ရပိုင်ခွင့်အခွင့်အရေးများအပြည့်အဝရရှိစေရန် လုပ်ငန်း စဉ်များကို ပြည်ထောင်စုဝန်ကြီးဌာနများမှ အမြန်ဆုံး အကောင်အထည်ဖေါ်ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းအပ်ပါသည်” ဟု ဖော်ပြထားသည်။ရခိုင်၊ မွတ်စလင် (ရိုဟင်ဂျာ) နှင့် တစ်ခြားမျိုးနွယ်စု အသိုင်းအဝန်း တို့သည် နှစ်ပေါင်းများစွာကပင် အတူတကွ နေထိုင်လာသူများဖြစ်သည့်အတွက် ရခိုင်ပြည်နယ်ကို ပိုင်ဆိုင်သူများဖြစ်သည်နှင့် အညီ၊ အေးအတူပူအမျှ အတူတကွပူးပေါင်းနေထိုင်ရေးမူကို ဦးထိပ်ထားလျှက် သာယာဝပြောသော လူ့ဘောင်သစ်တစ်ခုကို ပူးပေါင်းတည်ဆောက်ရန် သဘောတူသည်ဆိုသော အချက်ကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ ရခိုင်ပြည်တွင်မှီတင်းနေထိုင်ကြကုန်သည့် မျိုးနွယ်စုများဖြစ်သည့် ချင်း၊ ဒိုင်းနက်၊ ဟိန္ဒူ၊ ကမန်၊ ခမီး၊ မရာမာကြီး၊ မြိုနှင့် သက်လူမျိုးများသည် လက်ရှိအချိန်တွင် ခွဲခြားနှိမ့်ချဆက်ဆံခြင်းများ ခံနေရခြင်းကို အမြန်ဆုံးရပ်တန့်ပေးရန်နှင့် မျိုးနွယ်စုများအား အချင်းချင်းသွေးခွဲအမြတ်ထုတ်ခြင်း၊ ဥပေက္ခာပြုခံနေကြရခြင်းများကို ပိုမိုအာရုံစူးစိုက်ကာ ရင်ခုန်ဘွယ်ရာများဖြင့် ပြည့်နှက်နေသော သွေးရင်းညီအစ်ကိုမောင်နှမများကို စေတနာမွန်များထားရှိကာ ပြုစုပျိုးထောင် ဝိုင်းဝန်းကာကွယ်ထိမ်း သိမ်း စောင့်ရှောက်ကြရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်ဟု AIC ကြေညာချက်တွင် တောင်းဆိုထားသည်။
https://www.facebook.com/385165108587508/posts/1110759906028021/