ရခိုင်တွင် မတရားအသင်းဆက်နွယ်မှု၊ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မများဖြင့် အချုပ်နှင့် ထောင်ဒဏ်ချမှတ်ခံရသူ ၁၃၀ ကျော်ရှိ

By Western News/ 2021 January 4

By ထွန်းလှ

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများ၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မများ၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပ‌ဒေပုဒ်မများနှင့် ငြိမ်းစုစီစသည့် ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံရပြီး အချုပ်နှင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၁၃၀ ကျော်ရှိကြောင်းသိရသည်။

အဆိုပါနိုင်ငံရေးအကျဉ်းသားများမှာ စစ်တွေအကျဉ်းထောင်တွင် ၆၅ ဦး၊ ကျောက်ဖြူအကျဉ်းထောင်တွင် ၆၂ ဦးနှင့် သံတွဲအကျဉ်းထောင်တွင် ၉ ဦးရှိကြောင်း မြတန်းဆောင်ဖောင်ဒေးရှင်းထံမှ သိရသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းအစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများရှိနေခြင်းက ဒီမိုကရေစီအစိုးရ၏ ဂုဏ်သိက္ခာကို နိမ့်ကျစေသည်ဟု မြတန်းဆောင်ဆရာတော်ကမိန့်ကြားသည်။

“ခုလက်ရှိအစိုးရရော နောက်အသစ်တက်လာမယ့်အစိုးရရော နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကနေ အစိုးရဖြစ်လာတဲ့အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသား ဆိုတာမရှိသင့်တော့ဘူး။ ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးအကျဉ်းသားတွေရှိနေတာက အစိုးရရဲ့ ဂုဏ်သိက္ခာကိုနိမ့်ကျစေတယ်” ဟု မြတန်ဆောင်း ဆရာတော် ကမိန့်ကြားသည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် အချုပ်၊ ထောင်ဒဏ်ချမှတ်ခံထားရသူများနှင့် အမှုရင်ဆိုင်နေရသူများကို လက်လှမ်းမမီသည့်အတွက် တိတိကျကျ စာရင်းကောက်ယူနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိကောက်ယူထားသောစာရင်းအရ မြန်မာတစ်နိုင်ငံလုံးတွင် ထောင်ဒဏ်ချမှတ်ခံရသူ နိုင်ငံရေးအကျဉ်းသား ၄၂ ဦးနှင့် အမှုရင်ဆိုင်နေရသူ ၅၀၀ ကျော်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထောက်ပံ့ရေးတာဝန်ခံ ကိုကျော်စိုးမှပြောသည်။

“အရင်တုန်းကတော့ ပုဒ်မ ၁၇/ ၁၊ ၁၇/၂ တို့နဲ့တရားစွဲတာပေါ့ဗျာ၊ ခုတော့ အဲဒါတွေက အကြမ်းဖက်ပုဒ်မတွေဖြစ်ကုန်တာပေါ့၊ အဲဒါတွေကိုလည်း ကျွန်တော်တို့ စာရင်းတင်ထားပါတယ်၊ ဒါပေမယ့် ရခိုင်ကိုကျတော့ ကျွန်တော်တို့လည်းလက်လှမ်းမမှီတော့ အပြည့်အစုံတော့စာရင်းမတင်နိုင်ဘူး၊ ခုလောလောဆယ် ကျွန်တော်တို့စာရင်းအရ ၄၂ ယောက်ရှိတယ်၊ အမှုရင်ဆိုင်နေရသူက ၅၀၀ ကျော်ရှိတယ်” ဟုပြောသည်။

ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးအကျဉ်းသားများ ဆက်လက်ရှိနေခြင်းမှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်း ကူးပြောင်းရေး ပီပြင်စွာပေါ်ထွန်းမလာသေးဟု ယူဆရနိုင်သလို နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရန်လိုလားကြောင်း ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးမြအေးက ထောက်ပြ ပြောဆိုသည်။

“ကျွန်တော်ကတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ ထောင်ထဲမှာမရှိသင့်တော့ဘူးလို့ထင်တယ် ဒီခေတ်ဒီအချိန် မှာလေ၊ အဲဒီတော့ နိုင်ငံရေးအကျဉ်းသားတွေဆက်ရှိနေခြင်းက မြန်မာနိုင်ငံဒီမိုကရေစီအသွင်းကူးပြောင်းရေး ပီပီပြင်ပြင် ပေါ်ထွန်းမလာသေးဘူးလို့ ယူဆလို့ရတယ်၊ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာရှိ နေသေးတာကို ကျွန်တော်မလိုလားဘူး၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကျွန်တော် လိုလားပါတယ်ဗျ” ဟုပြောဆိုသည်။

ယင်းအပြင် တပ်မတော်နှင့် အစိုးရအနေဖြင့် ဂျနီဗာကွန်ဗေးရှင်းနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာ သောအားဖြင့် အကြမ်းဖက် ပုဒ်မများဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို အမြန်ဆုံးပြန်လွှတ် ပေးသင့်သည်ဟု ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းမှ ပြောဆိုသည်။

“အကြမ်းဖက်လို့သတ်မှတ်ပြီး ဖမ်းဆီးခံထားရသူတွေကို အစိုးရအနေနဲ့ လူ့အခွင့်အရေးကိုလေးစားတဲ့အနေနဲ့ နှစ်သစ်ကာလမှာ လွှတ်ပေးသင့်တယ်။ တစ်ချို့သူတွေဆို အမှန်တကယ်မလုပ်ဘဲနဲ့ လုပ်ကြံဖန်တီးပြီး မတရားဖမ်းဆီးခံထားရတာတွေရှိတယ်၊ အဲဒါတွေကို အမြန်ဆုံးပြန်လွှတ်ပေးသင့်တယ်၊ လွှတ်ပေးဖို့လည်း သင့်လျော်ပါတယ်။ ဘာလို့လဲဆိုတော့ ဂျနီဗာကွန်ဗေးရှင်းကို လက်မှတ်မထိုးထားတဲ့ AA ကတောင် ဖမ်းဆီးရမိတဲ့ တပ်မတော်သားတွေနဲ့ NLD ပါတီဝင်တွေကို လွှတ်ပေးလိုက်တယ်ဆိုတော့ မြန်မာနိုင်ငံ၏ တရားဝင်အဖွဲ့အစည်းတွေဖြစ်တဲ့ တပ်မတော်နဲ့ အစိုးရအနေနဲ့ ဂျနီဗာကွန်ဗေးရှင်းနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသောအားဖြင့် အမြန်ဆုံးပြန်လွှတ်ပေးသင့်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရသူများမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ဖြင့်တရားရင်ဆိုင်နေရသူ ၂၆၉ ဦးရှိပြီး၊ ၎င်းတို့မှာ စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၄ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦး ထိရှိကြောင်း သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့၏ စာရင်းအရ သိရသည်။

Western News- WN

https://www.facebook.com/102405104899336/posts/205747287898450/

Leave a Reply

Your email address will not be published.