ရခိုင်တွင် တိုက်ပွဲကြောင့် ​ကျေးရွာများပျက်စီးဆုံးရှုံးမှုစာရင်း ကွင်းဆင်းစစ်ဆေးပေးရန် တောင်းဆို

By DVB/ 2021 January 19

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာတွေမှာ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ စာရင်းအတိကျ သိနိုင်ဖို့အတွက် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးပေးဖို့ စစ်ဘေးရှောင်တွေက တောင်းဆိုလိုက်ပါတယ်။ ဘူးသီးတောင်မြို့နယ် လမ်းမကျောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်ကျော်ထွန်းက “ကျနော်တို့​ ကျေးရွာတွေမှာ နေအိမ်တွေ မည်မျှပျက်စီးသွားတယ်ဆိုတာ မသိနိုင်ပါ။ နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူတွေသွားရောက်ပြီး အိမ်ကဘယ်နှဆောင် မီးလောင်တယ်၊ ဘယ်လောက်က ပျက်စီးသွားတယ်ဆိုတာကို ကွင်းဆင်းစစ်ဆေးမှ တိကျမှန်ကန်တဲ့ စာရင်းကို ရရှိမှာဖြစ်တယ်” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေက ကျေးရွာအများအပြား မီးရှို့ခံရမှုကြောင့် ပျက်စီးသွားခဲ့ကြရတာပါ။ ဒါ့အပြင် ကျေးရွာသားတွေ နေရပ်စွန့်ခွာလာချိန် နေအိမ်တွေမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေလည်း ဖျက်ဆီးခံလိုက်ရတာရှိတယ်လို့ နွားရုံတောင်ကျေးရွာနေ စစ်ဘေးရှောင် ကိုဦး​ကျော်ဝင်းက ပြောပါတယ်။ “ကျနော်တို ရွာကထွက်ပြေးလာကြတာ အခုဆို ၂ နှစ်ကျော်ပြီ။ နေအိမ်တွေ မီးလောက်တာတွေရှိတယ်၊ ဖျက်ဆီးခံရတာတွေရှိတယ်၊ ဘယ်လောက်အတိုင်းအတာအထိ ပျက်စီးသွားတယ်ဆိုတာတော့ မြေပြင်ကို ကွင်းဆင်းစစ်ဆေးရမှာပါ။ ကျွဲ၊ နွားတွေ ဘယ်နှကောင်ပျောက်ဆုံးသွားတယ်၊ နေအိမ် ဘယ်နှဆေင်မီးလောင်သွားတယ‌ေဆိုတာ အတိုင်းအတာတစ်ခုကို သိရှိဖို့အတွက် အစိုးရအနေနဲ့ မြေပြင်ကို ကွင်းဆင်းစစ်ဆေးသွားဖို့ လိုအပ်မယ်ထင်ပါတယ်။”  ရခိုင်ပြည်နယ်မှာ စစ်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေ မီးလောင်ဆုံးရှုံးမှုစာရင်းအား ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားချက်​အရ  မြို့နယ်အသီးသီးမှာ စာရင်းကောက်ယူနေတယ်လို့ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောပါတယ်။ “ပျက်စီးနေအိမ်များ စာရင်းကို ရခိုင်ပြည်နယ်အစိုးရကကောက်ခိုင်းလို့ ကျေးရွာရပ်ကျေးတွေနဲ့ ကောက်ယူထားတယ်။ နေရပ်ပြန်ဖို့ လူစာရင်းကောက်တာက ဘယ်သူမှ ပြန်မယ့်သူမရှိဖြစ်နေတယ်။ လက်ရှိမှာတော့ ကျေးရွာအချို့ကလူတွေ တောရွာပြန်ပြီး ၂ ရက် ၃ ရက်နေ ပြန်လာကြတာတွေရှိတယ်။ လုံးဝပြန်တဲ့သူ မရှိသေးဘူး။”  ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေ တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရတဲ့ ကျေးရွာတွေကတော့ ဘူးသီးတောင်မြို့နယ်က ကျေးရွာပေါင်း ၃၀ ခန့်၊ ပုဏ္ဏကျွန်းက ၂၀ ကျော်၊ ကျောက်တော်က ၆၀ ကျော်၊ မြောက်ဦးက ၃၀ ကျော်၊ မင်းပြားက ၄၀ ကျော်၊ မြေပုံက ၁၀ ကျော်၊ အမ်းက ၁၀ ကျော်၊ ရသေ့တောင်က ၅၀ ခန့်နဲ့ ပေါက်တောက ၄ ရွာ စုစုပေါင်းကျေးရွာပေါင်း ၂၅၀ ကျော်နဲ့ စစ်ဘေးရှောင်ဦးရေက ၁၈၀,၀၀၀ ကျော်ရှိတယ်လို့ ရခိုင်မျိုးနွယ်များအစည်းအရုံး (REC) ရဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – လင်းလက်

https://www.facebook.com/191574990881009/posts/3948718235166647/

Leave a Reply

Your email address will not be published.