By Development Media Group / January / 19 / 2021
ဉာဏ်ဟိန်း | DMGဇန်နဝါရီ ၁၉
စစ်တွေရခိုင်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း တရားမဝင် သစ်တန်ချိန်ပေါင်း ငါးထောင်ကျော်ကို သိမ်းဆည်းရရှိခဲ့ပြီး စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်းလေးထောင်အထိ ရှိကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။
တရားမဝင် သစ်ဖမ်းဆီးရမိသည့် မြို့နယ်များမှာ မောင်တော၊ ဂွ၊ တောင်ကုတ်၊ အမ်းနှင့် စစ်တွေမြို့နယ်တို့မှ ဖြစ်သည်ဟု ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အကြီးတန်စာရေး ဒေါ်စိုးစိုးက DMG သို့ ပြောသည်။
“ရခိုင်ပြည်နယ်ကမြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ်က တစ်နှစ်အတွင်းမှာ သစ်တန်ချိန်ပေါင်း ၅ ထောင်ကျော်ဖမ်းဆီး ရမိခဲ့တယ်။ သစ်အမျိုးအစားကိုကြည့်ပြီးတော့ အခုကာလပေါက်ဈေးအရဆိုရင် သိန်းလေးထောင်ကျော်လောက် ရှိမယ်” ဟု ၎င်းကဆိုသည်။
တောင်ကုတ်မြို့နယ်သည် တရားမဝင်သစ်သစ်ဖမ်းဆီးရရှိမှု အများဆုံးမြို့နယ်ဖြစ်ပြီး ဂွမြို့နယ်မှာ ဒုတိယအများဆုံးဖြစ်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။
တရားမဝင် သစ်ထုတ်လုပ်ရောင်းချသူများကို သစ်တောဥပဒေပုဒ်မ ၄၁(က)၊ ၄၂(က)တို့ဖြင့် သက်ဆိုင်ရာ ရဲစခန်းများတွင် အရေးယူဆောင်ရွက်နေကြောင်း ဒေါ်စိုးစိုးကပြောသည်။
“တောင်ကုတ်က ဖမ်းဆီးထားတဲ့သစ်တွေကိုတော့ မြန်မာ့သစ်လုပ်ငန်းကို ယာယီလွှဲထားတယ်” ဟု ၎င်းက ရှင်းပြသည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းက တောင်ကုတ်မြို့နယ်အတွင်းမှ တရားမဝင်သစ် အများအပြားနှင့် သစ်မှောင်ခိုသင်္ဘော/စက်လှေများကို သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ခဲ့သည်။
ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (RCA) ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ကြည်က “သစ်တောတွေ ထိန်းသိမ်းမယ်ဆိုရင် ဒေသခံပြည်သူလူထုတွေ ပူးပေါင်းပါဝင်ပြီးတော့ ထိန်းသိမ်းရမယ်။ အဲဒီလို မထိန်းဘူးဆိုရင် သစ်တောပြုန်းတီးသွားနိုင်တယ်။ ဒါက အစိုးရတစ်ခုတည်း ထိန်းနေလို့မဖြစ်ဘူး၊ ပြည်သူ့လူထု ထိန်းသိမ်းဖို့လိုတယ်။ ရခိုင်မှာက တော်တော်အပျက်အစီးတွေရှိနေတော့ သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာအလိုက် သစ်တောတွေထူထောင်ပြီးတော့ ဒီရေတောတွေထိန်းသိမ်းဖို့ ထိထိ ရောက်ရောက်လုပ်သင့်တယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်းက တရားမဝင်သစ် ၁၉၀၀ ဒသမ ၇၇၃၆ တန် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။
https://www.facebook.com/466648543487562/posts/1924325827719819/